၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို အာဏလွှဲပြောင်းရာ၌ စနစ်တကျ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က လွှတ်တော်တွင် ပြောကြားသော နောက်ဆုံးမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။
သမ္မတဦးသိန်းစိန်က သူ့အနေဖြင့် သမ္မတရာထူး ဒုတိယသက်တမ်း ထမ်းဆောင်ရေး၊ ကြံ့ခိုင်ရေးပါတီ ထပ်မံ အနိုင်ရရှိရေး တို့ထက် ဒီမိုကရေစီအခြေခံကောင်းများ ချမှတ်ပေးခဲ့ပြီး ဒီမိုကရေစီစနစ်ခိုင်မာရေး လုပ်ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း၊ ရွေး ကောက်ပွဲ ရလဒ်အရ NLD အနေဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ပြီး အစိုးရ တာဝန် များကို တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ပြဋ္ဌာန်းချက်များနှင့်အညီ လွှဲပြောင်းသွား မည်ဖြစ် ကြောင်း သမ္မတဦးသိန်းစိန်က ဆိုသည်။
“ဒီရွေးကောက်ပွဲကြီးကနေ ပေါ်ပေါက်လာတဲ့ ရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ရွေးကောက်ပွဲ မတိုင်မီက ကတိပြုထားတဲ့အတိုင်း ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့ကို စနစ်တကျ တာဝန်လွှဲပြောင်းနိုင်ရေးအတွက် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ပြောဆိုသည်။
သမ္မတဦးသိန်းစိန်က လာမည့် အစိုးရလက်ထက်တွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပြီး အရွေးချယ်မခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း လွှတ်တော်ပြင်ပမှ တိုင်းပြည် တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ မတ်လ ၃၀ ရက်နေ့တွင် အစိုးရ အာဏာ ကုန်ဆုံးမည်ဖြစ်၍ အားလုံးကို နှုတ်ဆက်ပါ ကြောင်း သမ္မတဦးသိန်းစိန်က ပြောသည်။
“ကျနော်နဲ့ အစိုးရအဖွဲ့ဝင်အားလုံးက နောက်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စား လှယ်များ အနေနဲ့လည်း နောင်လွှတ်တော်များ မှာ မပါဝင်တော့ဘူးဆိုရင်တောင် လွှတ်တော်ပြင်ပကနေ နိုင်ငံတည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုပါ တယ်။နာက်ပေါ်ပေါက်လာမယ့် အစိုးရနဲ့ လွှတ်တော်များအနေဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးကို ပိုမိုအေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင်ပါစေ။ မိဘပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ဥမကွဲ သိုက်မပျက် အေးအတူပူအမျှ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်”ဟု သမ္မတဦးသိန်းစိန်က ပြောသည်။
သမ္မတဦးသိန်းစိန် က အစိုးရအဖွဲ့ ၅ နှစ်တာ သက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးဖြစ်စဉ် ကို နိုင်ငံတကာ မှ စံနမူနာ ယူခဲ့ရကြောင်း၊ တိုင်းရင်းသားအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း၊ ယုံကြည်ချက် ကြောင့်နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် အကျဉ်းကျနေရသူများကိုလည်း လွှတ်ပေးခဲ့ကြောင်း၊ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်ရရှိမှု၊ မွေးမြုရေး၊ ရင်းနှီးမြုပ်နှံမှုနှင့်ကုန်သွယ်မှုကဏ္ဍများတွင်လည်း ဖွွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်အောင် အထက်မှ အောက်သို့ သွားသည့် အစီရင်ခံမှု စနစ်မှ အောက်ခြေမှ အထက်သို့တင်ပြသည့် ပြည်သူဗဟိုပြုစနစ်ကို ပြောင်းလဲနိုင်ခဲ့ကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဒီမိုကရေစီအပြည့်အဝမဟုတ်သော်လည်း ငြင်းဆိုမရသည့် ပြုပြင်ပြောင်းလဲမှုများ ရှိခဲ့သည်မှာ အသေအချာပင်ဖြစ်ကြောင်း စီးပွားရေးနှင့် နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာသောင်းထွန်းက “သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီအကူး အပြောင်း အတွက် ကတော့ အစပျိုးပေးခဲ့တဲ့အနေအထားကိုတော့ မှတ်ကျောက် တင်ရမှာပေါ့။ ၂၀၀၈ မှာ ဒီအသွင်ကူးပြောင်းရေး လုပ်ခဲ့တာ ဆိုတော့ အားနည်းမှု ပွတ်တိုက်မှုရှိသလို တချို့ပြည်သူ့ ရေးရာမူဝါဒတွေအကောင်အထည်ဖော်တာတော့ တိုင်းပြည် မဏ္ဍိုင်ကြီး ၃ ရပ်ကို ကိုယ်စားပြုတဲ့ Political Institution တွေပေါ်ပေါက်လာတယ်။ ပါတီတွေ တည်ထောင်ရေးအတွက် လမ်းပွင့် လာတယ်။ နိုင်ငံရေးဝန်ကျင်မျိုး အရပ်ဘက် လူ့အဖွဲ့အစည်းတွေပေါ်ပေါက်လာဖို့အခင်းအကျင်းမျိုးရှိခဲ့တာပေါ့။ သူက တစုံတရာအရွေ့ကိုတော့ ရောက်လာတယ် လို့တော့ ပြောလို့ရတာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာ အနိုင်ရပါတီ ချောမွေ့ စွာ အာဏာလွှဲပြောင်းပေးဖို့ လုပ်ဆောင်နေတာကလည်း နိုင်ငံရေးလုပ်တဲ့သူမှာ ၁၀၀ ရာနှုန်းတော့ ဝေဖန်ခံရမှု ကင်းလွှတ်ဖို့ဖို့မရှိဘူး။ အောင်မြင်မှု တွေရှိသလို မအောင်မြင်မှုတွေလည်းရှိတယ် ပြည်သူတွေရဲ့မျှော်မှန်း ချက်တွေ ဖြည့်ဆည့်နိုင်တာရှိသလို ကော်းတာ မြင်နိုင်သလို မဖြည့်ဆည်းနိုင်တဲ့အပေါ်မှာ အားနည်းချက် ဝေဖန်တာတွေတော့ ရှိမှာပေါ့” ဟု သုံးသပ်ပြောဆိုသည်။
စီးပွားရေးပိုင်းတွင် ပြုပြင်ပြောင်းလဲမှုများသည် ထင်သာမြင်သာရှိခဲ့ပြီး တိုးတက်သင့်သလောက် အနည်းငယ် တိုးတက်ခဲ့သည်ဟု စီးပွားရေးလုပ်ငန်းရှင်တချို့က ဆိုသည်။
စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ ဒေါက်တာစိုးထွန်း က “ သမ္မတဦးသိန်းစိန် က တချို့ကိစ္စတွေလုပ်ခဲ့တာ ရှိခဲ့တယ်။ ဆိုပါစို့ ဥပမာ တယ်လီပို့ကဏ္ဍလို ကိစ္စမျိုးပေါ့။ တယ်လီဖုန်း ဈေးပေါပေါနဲ့ဝယ်လို့ရတာပေါ့။ အတိုင်းအတာတခုထိပေါ့ နိုင်ငံခြား ဘဏ်တွေဖွင့်ခွင့်ပေးတယ်ပေါ့။ ပြဿနာက တိုင်းပြည်ရဲ့ အဓိက ဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍပေါ့။ ပြည်သူတွေ အများစုက မှီခိုနေရတာလေ FDI က လည်း နည်းသေးတယ်။ ဒါကြောင့် ပြည်သူ ၇၀ ရာနှုန်းနှီးနွှယ်နေတဲ့ကဏ္ဍမှာ တိုး တက်မှုနည်းတော့ အခြေခံ အဓိကကျတဲ့ အခြေခံလူတန်းစားတွေမှာ စီးပွားရေးတိုးတက်မှု အားနည်း တယ်လို့ပြော လို့ရ မှာပေါ့။ သမ္မတဦးသိန်းစိန် ကို အတိုင်းအတာတခုထိတော့ လက်ခံလို့ရပါတယ်။ ဒီမိုကရေစီ အပြည့်အဝ မဟုတ်တော့ ဒီလောက်ထိပဲ မျှော်လင့်လို့ရမှာပေါ့”ဟု သုံးသပ်သည်။