ဥရောပ သမဂ္ဂ၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မြို့ခံ/နယ်ခံ များ၏ ဆွေးနွေးပွဲသို့ ရဲဝန်ထမ်းများ တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ခွင့်ပြုမိန့် မရသဖြင့် ရဲဝန်ထမ်းများမှာ ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့၊ Green Hill ဟိုတယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ကျင်းပမည့် ဆွေးနွေးပွဲသို့ ဖိတ်ကြားထားသည့် အရပ်ဖက် အဖွဲ့အစည်းများ၊ မီဒီယာများ တက်ရောက်ခဲ့သော်လည်း ရဲတပ်ဖွဲ့မှ လာရောက်ခဲ့ခြင်း မရှိဟု သင်တန်း စီစဉ်သူ Ms Karin Deckenbach က မီဒီယာများသို့ ပြောသည်။
မီဒီယာနှင့် လူထုအခြေပြု အဖွဲ့အစည်းများဆိုင်ရာ ကဏ္ဍခေါင်းဆောင် Ms Karin Deckenbachက“အစိုးရ အပြောင်းအလဲကာလမှာ ဝန်ကြီးဋ္ဌာနတွေ တော်တော်များများ အလုပ်ရှုပ်နေကြတယ်။ ကျမတို့ တင်ထားတဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးနိုင်ဖို့က သမ္မတရုံးက မူအားဖြင့် သဘောတူတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနကို သူတို့က မှတ်ချက်ပြန်တောင်းတယ်။ ပြည်ထဲရေး ဝန်ကြီး ဋ္ဌာနက အခုချိန်ထိ မှတ်ချက် ပြန်မပေးနိုင်သေးဘူး”ဟု ပြောသည်။
ထို့ကြောင့် နားလည်မှု စာချွန်လွှာ အတည်မပြုနိုင်သေးသဖြင့် ပြည်ထဲရေးက ရဲဝန်ထမ်းများကို စေလွှတ်နိုင်ခြင်း မရှိကြောင်း သိရ သည်။
ထို့ြ့ပင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀နှင့် ၃၁ ရက်နေ့တို့တွင် မန္တလေးမြို့ Mandalay Swan ဟိုတယ်၌ ကျင်းပခဲ့သည့် ဆွေးနွေး ပွဲကိုလည်း ဖိတ်ကြားခံရသည့် ရဲတပ်ဖွဲ့ဝင်များ တက်ရောက်နိုင်ခြင်း မရှိပေ။
အထက်ပါ ကိစ္စများနှင့် ပတ်သက်၍ နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ဆက်သွယ်ခဲ့သော်လည်း မဖြေဆိုနိုင်ကြောင်း၊ ဖြေကြားမည့် တာဝန်ရှိသူ မရှိကြောင်း ပြောဆိုသည်။
ဥရောပသမဂ္ဂက ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ် ၂ နှစ်တာ စီမံကိန်းကာလ အတွင်း၌ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပြည်၊ ပျဉ်းမနား စသည့် နေရာများတွင် ပြုလုပ်ခဲ့သည့် သင်တန်းများကိုမူ ရဲတပ်ဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့သည်ဟု သိရသည်။
ယင်းသို့ ရဲတပ်ဖွဲ့ဝင်များအကြား လူစုလူဝေး ပြဿနာများ ကိုင်တွယ် ဖြေရှင်းခြင်း၊ လူ့အခွင့်အရေးနှင့် အညီ ကိုင်တွယ် ဖြေရှင်းခြင်း နှင့် အခြား စွမ်းရည်မြှင့် သင်တန်းများကို ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် ဥရောပသမဂ္ဂ အဖွဲ့အနေနှင့် သဘောတူ လက် မှတ် ရေးထိုးနိုင်ရန် ဆက်လက် ကြိုးစားနေကြောင်း သိရသည်။
ပြီးခဲ့သည့် စီမံကိန်း ၂ နှစ်အတွင်းတွင် မြန်မာနိုင်ငံအတွင်းရှိ ရဲတပ်ဖွဲ့ဝင် အင်အား ရှစ်သောင်းကျော် ရှိသည့်အနက် တပ်ဖွဲ့ဝင် ၅၀၀၀ ကျော်ကို သင်တန်းများ ပို့ချပေးခဲ့ကြောင်း သိရသည်။