ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်က တရုတ်နိုင်ငံသားတဦးကို သေနတ်ဖြင့် ပစ်သတ်ကာ သေဒဏ်ပေး တရားစီရင်လိုက်ကြောင်း အထူးဒေသ ၄ က သတင်း ထုတ်ပြန်သည်။
မိုင်းလား အထူးဒေသ ၄ သည် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ထိန်းချုပ်ထားသည့် ဒေသတခု ဖြစ်သည်။
သေဒဏ်ပေးခံရသူ တရုတ်နိုင်ငံသား (Liu Qianjun) ဆိုသူသည် ဇန်နဝါရီလ ၈ ရက်က မိုင်းလား အထူးဒေသ ၄ အတွင်း မီးရှို့ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သဖြင့် လူ ၇ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရခဲ့သည့်အပြင် တရားမဝင် သေနတ် ကိုင်ဆောင်ခဲ့သည့်အတွက် သေဒဏ်ပေးလိုက်ရခြင်းဖြစ်သည်ဟု အထူးဒေသ ၄ ၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုတရုတ်နိုင်ငံသား (Liu Qianjun) ကို သေဒဏ်ပေးသည့် ဖြစ်ရပ်နှင့်ပတ်သက်ပြီး မိုင်းလားမြို့ ဒေသခံ ကိုနန်းအောင် ဆိုသူက“သူ့ကို ကားပေါ်တင်ပြီး မိုင်းလားမြို့က ပြည်သူတွေကို လိုက်ပြတယ်။ ကားတန်းတွေနဲ့ လိုက်ပြပါတယ်။ ပြီးတော့ ဘောလုံးကွင်းခေါ်သွား တယ်။ လူစုဝေးတဲ့နေရာမှာ သူ့အပြစ်အကြောင်း ပြောတယ်။ ပြီးတော့ သူ့ကို တောင်ပေါ်တနေရာ ခေါ်သွားပြီး ပစ်သတ်လိုက် တယ်”ဟု ဧရာဝတီကို ပြောသည်။
ထိုဖြစ်စဉ်မှာ မိုင်းလားမြို့အတွင်းရှိ ကာစီနိုကစားကွင်းတွင် တရုတ်နိုင်ငံသားအချင်းချင်း ပြဿနာဖြစ်ပြီး အချင်းချင်းပစ်ခတ်မှု ပြုလုပ်ခဲ့ကြကြောင်း၊ ယခုကဲ့သို့ သေဒဏ်ပေးခြင်းသည်လည်း မိုင်းလား အထူးဒေသ ၄ အစိုးရ၏ ဥပဒေအတိုင်း ပြုလုပ်သည်ဟု ယူဆ ကြောင်းလည်း ကိုနန်းအောင်က ဆက်ပြောသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မိုင်းလားအထူးဒေသ ၄ မြို့တော်ဝန် ဦးစိုင်းမောက် ကမူ“ကျနော် ခရီးလွန်နေလို့ ဒီသတင်းနဲ့ ပတ်သက်ပြီး မသိရသေးဘူး”ဟု ဧရာဝတီကို ပြောသည်။
ထိုဒေသသည် ကာစီနိုလောင်းကစားဖြင့် နာမည်ကျော်ကြားသည့် နေရာလည်း ဖြစ်သည်။ ည ထိုကာစီနို ကစားပွဲရုံကို ပြည်မ တရုတ် နိုင်ငံ သားများက ပိုင်ဆိုင်ထားကြပြီး လာရောက် ကစားကြသူများသည်လည်း ပြည်မတရုတ်များ ဖြစ်ကြောင်း မိုင်းလားမြို့ ဒေသခံ တချို့ က ပြောသည်။
မိုင်းလားတွင် ကာစီနိုရုံ တည်ထောင်ထိန်းချုပ် လုပ်ကိုင်နေသော NDAA အဖွဲ့သည် အစိုးရနှင့် ၁၉၈၉ ခုနစ်တွင် ငြိမ်းချမ်းရေး စတင် ယူခဲ့ပြီး အစိုးရက မိုင်းလားအထူးဒေသ ၄ အဖြစ် သတ်မှတ်ပေး ခဲ့သည်။
၁၉၉၃ – ၁၉၉၄ ခုနစ်မှ စတင်ပြီး မိုင်းလားတွင် ကာစီနိုကစားပွဲများကို စီးပွွားရေးလုပ်ငန်းအဖြစ် ရပ်တည်လုပ်ကိုင်လာပြီး ကာစီနိုမှရလာသည့် ဝင်ငွေကို မိုင်းလားဒေသ ဖွံ့ဖြိုးရေးအဖြစ် အသုံးပြုသည်ဟု သိရသည်။