ထိုင်းနိုင်ငံရှိ ရေထွက်ကုန် ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ ပင်လယ်ငါးဖမ်းလှေများ၌ လုပ်ကိုင်နေကြသည့် တရားမဝင် အလုပ်သမားများကို တရားဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်ရန် တနှစ်သက်တမ်းရှိ သက်သေခံ လက်မှတ် ပန်းရောင်ကတ်များ ထိုင်းအာဏာပိုင်များက ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများ၌ လုပ်ကိုင်နေသူများအား ပန်းရောင်ကတ် ထုတ်ပေးမည့် အစီအစဉ်အား ထိုင်း အစိုးရက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြောင်း၊ ကတ်ထုတ်ပေးခြင်းကို ၂၀၁၆ ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ ဆောင်ရွက် ပေးမည်ဖြစ်၍ ထိုင်းဘတ်ငွေ ၃၁၈၀ (မြန်မာကျပ် တသိန်းဝန်းကျင်) ပေးဆောင်ရမည်ဟု ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက် နေသူများက ဧရာဝတီသို့ ပြောသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်မှ ဒုတိယ ဥက္ကဌ ဦးအောင်ကျော်က “ရေလုပ်သားတွေနဲ့ ပတ်သက်ပြီးတော့ ထိုင်း နိုင်ငံဟာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို ခံနေရတယ်။ ဒါကြောင့် ပန်းရောင်ကတ် ထုတ်ပေးမယ့် အစီအစဉ်ကို လုပ်ရတာပါ။ ဒီကတ် ဟာ အလုပ်သမားတွေ အတွက်တော့ အမှန်တကယ် အကျိုးပြုတဲ့ လက်မှတ်တော့ မဟုတ်ဘူး” ဟု ဆိုသည်။
ထိုင်းနိုင်ငံ၏ ပင်လယ်ပြင်၌ လုပ်ကိုင်နေကြသည့် ရေလုပ်သားများသည် အလုပ်ရှင်နှင့် လူပွဲစားများ၏ ခေါင်းပုံဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်း စသည်တို့ကို ခံနေရသဖြင့် ထိုင်းနိုင်ငံ အစိုးရအနေဖြင့် အလေးထား လုပ်ဆောင် ပေးရန် ဥရောပနိုင်ငံများနှင့် အနောက်နိုင်ငံများက ဖိအားပေးမှုများ ရှိနေကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများက ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှ ဒါရိုက်တာ ဦးကျော်သောင်းက “ဒီကတ်က အလုပ်သမားတွေကို ပိုပြီးတော့ ဒုက္ခ ရောက်အောင် လုပ်သလို ဖြစ်နေတယ်။ ပန်းရောင်ကတ် ကိုင်ထားသူဟာ ဒီလှေမှာ အဆင်မပြေရင် နောက်တလှေကို ပြောင်းလို့ မရတော့ဘူး။ အလုပ်ရှင် တယောက်ထဲဆီမှာပဲ လုပ်ပိုင်ခွင့်ရှိတယ်”ဟု ဆိုသည်။
ထိုင်းနိုင်ငံ၌ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ရေထွက်ကုန် ပစ္စည်းထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သား သန်းချီရှိသည့်အနက် အများစုမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး မြန်မာနိုင်ငံနောက်တွင် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ အလုပ်သမားများ ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေများ၌ လုပ်ကိုင်နေသည့် တရားမဝင် ရေလုပ်သားများအား ပန်းရောင်ကတ် လုပ်ဆောင်ပေးသော်လည်း ခေါင်းပုံဖြတ် အမြတ်ထုတ်နေသည့် အလုပ်ရှင်များနှင့် လူပွဲစားများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်မှု မရှိပါက အလုပ်သမားများ အတွက် ထူးခြားသည့် အပြောင်းအလဲ ဖြစ်လာမည် မဟုတ်ဟု ဦးကျော်သောင်းက ပြောသည်။
ဦးကျော်သောင်းက “ဖူးခက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကယ်တင်နိုင်ခဲ့သူတွေဟာ ပန်းရောင်ကတ် ကိုင်ဆောင်ထားသူတွေပါ။ အဲဒီတော့ ဒီပန်းရောင်ကတ်ဟာ အလုပ်သမားတွေအတွက် အာမခံချက် အပြည့်မပေးနိုင်ဘူး။ အခုလည်း နိုင်ငံတကာရဲ့ ဖိအားကြောင့် ဟန်ပြလုပ်တဲ့သဘောပါ။ ရေလုပ်သားတွေ လုံခြုံစိတ်ချစွာ အလုပ်ခွင့်ရဖို့အတွက် ဆိုရင်တော့ လူပွဲစားတွေနဲ့ အလုပ်ရှင်တွေကို ထိထိ ရောက်ရောက် အရေးယူနိုင်မှရမယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံရောက် ရေလုပ်သားများအား ၎င်းတို့လုပ်ငန်းခွင်၌ အလုပ်သမား အခွင့်အရေး ပြည့်ဝစွာဖြင့် လုပ်ကိုင်နိုင်ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရများက စနစ်တကျ စီစဉ်၍ ယာယီနိုင်ငံကူး လက်မှတ်များကို ထုထ်ပေးသင့်ကြောင်း၊ သို့မှသာ ထိုလုပ်သားများသည် မိမိတို့ နှစ်သက်ရာ ဒေသများ၌ သွားရောက် လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
ဦးအောင်ကျော်က “နှစ်နိုင်ငံ အစိုးရကသာ ယာယီနိုင်ငံကူး လက်မှတ်တွေ လုပ်ပေးမယ်ဆိုရင် သူတို့တွေဟာ တခြားအလုပ်သမား တွေလိုပဲ ကောင်းမွန်တဲ့ အလုပ်တွေမှာ အခွင့်အရေး အပြည့်အဝနဲ့ လုပ်ကိုင်နိုင်ကြမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ထိုင်းနိုင်ငံသည် ကမ္ဘာ့ရေထွက် ကုန်ပစ္စည်း အများထုတ်လုပ်သည့် နိုင်ငံများအနက် အဆင့် ၂ တွင် ရှိနေပြီး ၎င်းတို့၏ ရေထွက်ကုန် ပစ္စည်းများအား အမေရိကန်နှင့် အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများသို့ အများဆုံး တင်ပို့လေ့ ရှိသည်။
ထိုင်းနိုင်ငံသည် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အများဆုံး လာရောက်လုပ်ကိုင်သည့် နိုင်ငံဖြစ်ခြင်းကြောင့် လူကုန်ကူးမှု၊ ရောင်းစား ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံး ဖြစ်နေရကြောင်း၊ ထိုပြဿနာများ လျော့ကျစေရန် မြန်မာနိုင်ငံ အစိုးရ အနေဖြင့် မိမိ နိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားဝင် လာရောက် လုပ်ကိုင်နိုင်ရေးအတွက် MOU စနစ်ကို အလေးထား လုပ်ဆောင်သင့်သည်ဟု အလုပ်သမားအဖွဲ့များက ပြောသည်။