အင်တာနက်တွင် နိုင်ငံ့အကြီးအကဲ ခေါင်းဆောင်များ၏ လုံခြုံရေးကို ထိပါးစေမည့် ခြိမ်းခြောက်စာများ ရေးခြင်းနှင့် မသင့်လျော်သော ပုံများတင်ခြင်းကို မကျေနပ်၍ တိုင်ကြားလာပါက ဆက်သွယ်ရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းဗိုလ်က ပြောသည်။
“ဖေ့စ်ဘုတ်တွေမှာ ရေးနေတဲ့သူတွေကို ကျနော်တို့ ရဲတပ်ဖွဲ့က စောင့်ကြည့်လေ့လာဖို့ မလုပ်ပေမယ့် နစ်နာသူဘက်က သူဘယ်လို နစ်နာပါတယ်လို့ တိုင်ကြားလာမယ် ဆိုရင်တော့ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်မယ်။ လက်ရှိမှာလည်း အရေးယူနေတဲ့ ဖြစ်စဉ်တွေ ရှိတယ်။ နစ်နာသူရှိမယ်ဆိုရင် ဆောင်ရွက်ပေးမယ်” ဟု ရဲမှူးကြီး ဝင်းဗိုလ်က ဧရာဝတီသို့ ပြောသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ ညက လူမှုကွန်ရက် ဖေ့စ်ဘုတ် အသုံးပြုသူ အကောင့်အမည် Ye Lwin Myint ဆိုသူသည် “ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့လိုက်မည်ဆိုပါ က AWM သို့မဟုတ် AS 50 သေနတ်တလက် နှင့် လေ့ကျင့်ချိန် ၁ လ သာလိုအပ်ကြောင်း၊ အသေသတ်မည်ဖြစ်ကြောင်း၊ အတည်ပြောတာပါ” ဟု ခြိမ်းခြောက် ရေးသားခဲ့သည်။
ထိုရေးသားချက်သည် လက်ရှိ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းသည်ဟု ယူဆကာ အင်တာနက် သုံးစွဲသူများက ဝေဖန်ခဲ့ကြပြီး ထိုသို့ရေးသားသူကို မည်ကဲ့သို့ အရေးယူမည်နည်းဟု မေးခွန်းထုတ်ခဲ့ကြသည်။
ခြိမ်းခြောက် ရေးသားသူ Ye Lwin Myint ဆိုသူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် NLD ပါတီ နှင့် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်သည့် စာများနှင့် ပုံများကို အစဉ်တစိုက် တင်နေသူ တဦးဖြစ်ကြောင်း တွေ့ရှိရသည်။
ရဲလွင်မြင့်သည် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Bee Wash ကားရေဆေး လုပ်ငန်းတွင် ရှယ်ယာ ထည့်ဝင်ထားသူတဦး ဖြစ်သော်လည်း ၎င်း၏ လုပ်ရပ်များသည် Bee Wash နှင့် သက်ဆိုင်ခြင်း မရှိသလို တခြားရှယ်ယာရှင်များနှင့်လည်း ပတ်သက်ခြင်း မရှိကြောင်း ရှယ်ယာရှင်တဦးဖြစ်သည့် ကိုမြင့်မြတ်သူက ၎င်း၏ ဖေ့စ်ဘုတ်တွင် ရှင်းလင်းရေးသားထားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှောင်ပြောင် သရော်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက် ဖေ့စ်ဘုတ်တွင် ရှယ်ခဲ့သည့်အတွက် ဦးပက်ထရစ်ခွန်ဂျာလီကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ဖြင့် ထောင်ဒဏ် ၆ လ ပြစ်ဒဏ် ချမှတ်ခံရသည်။
ထို့နည်းတူ မအူပင်မြို့တွင် နေထိုင်သူ အသက် ၂၅ နှစ်အရွယ် မချောစန္ဒီထွန်းကိုလည်း ၎င်း၏ဖေ့စ်ဘုတ် စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အဝတ်အစားအရောင်နှင့် တပ်မတော်၏ အစိမ်းနုရောင် စစ်ဝတ်စုံ အသစ်ကို နှိုင်းယှဉ်ထားသည့် ဓာတ်ပုံအား ရှယ်၍ ဝေဖန်သရော်စာ ရေးသားခဲ့သည့်အတွက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ အရ ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချမှတ် ခံထားရသည်။