ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရလက်ထက်တွင် ရှမ်းနှင့် ရခိုင်ပြည်နယ်မှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ဒုတိယ ဥက္ကဌများအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ လွှတ်တော် ကိုယ်စားလှယ်များကို ယနေ့ ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် အစည်းအဝေးများမှတဆင့် ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွက် လွှတ်တော် ဥက္ကဌမှာ ဒဂုံမဲဆန္ဒနယ်မှ ဦးတင်မောင်ထွန်း ရွေးချယ်ခံရပြီး ဒုတိယ ဥက္ကဌအဖြစ် ကမာရွတ် မဲဆန္ဒနယ်မှ ဦးလင်းနိုင်မြင့်ကို ရွေးချယ်လိုက်ကြောင်း၊ ၎င်းတို့ ၂ ဦးစလုံးမှာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီမှ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်နှှင့် တိုင်းဒေသကြီးတို့အတွက် ဥက္ကဌနှင့် ဒုတိယ ဥက္ကဌများ ရွေးချယ်ရာတွင် အများစုသည် NLD ပါတီမှ ဖြစ်သည်။ သို့သော် ရှမ်းပြည်နယ်တွင်မူ အတိုက်အခံ အင်အားကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျိုင်းတုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဦးစိုင်းလုံဆိုင်မှာ ပြည်နယ် လွှတ်တော် ဥက္ကဌအဖြစ် ရွေးချယ်ခံရသည်။
ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသား ပါတီ(ANP)မှ ဦးစံကျော်လှနှင့် ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးဘိုးမင်း(ခ) ဦးဖိုးမင်းတို့ ရွေးချယ် ခံရသည်။
ကချင်ပြည်နယ် လွှတ်တော် ဥက္ကဌနေရာအတွက်လည်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ရာ NLD မှ အဆိုတင်သွင်းသည့် ဗန်းမော်မဲ ဆန္ဒနယ်မှ ဦးထွန်းတင် ရွေးချယ်ခံခဲ့ရသည်။ ဦးထွန်းတင်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မချမ်းဘော မဲဆန္ဒနယ်မှ ဦးရာဝမ်းဂျူံနှင့် ယှဉ်ပြိုင်အရွေးခံ၍ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
မကွေးတိုင်းအတွက် လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးတာ၊ ဒုဥက္ကဌအဖြစ် ဦးဇော်မျိုးဝင်း၊ မန္တလေးတိုင်း လွှတ်တော် ဥက္ကဌအဖြစ် ဦးအောင်ကျော်ဦး၊ ဒုဥက္ကဌအဖြစ် ဦးခင်မောင်ဌေး၊ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဌအဖြစ် ဦးအောင်ကျော်ခိုင်၊ ဒုဥက္ကဌအဖြစ် ဦးစံမင်းအောင်တို့ ရွေးချယ်ခံရသည် ဟု သိရသည်။
ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌ ဖြစ်လာသူ အသက် ၅၆ နှစ်အရွယ်ရှိ ဦးအောင်ကျော်ခိုင်သည် ရွေးကောက်ပွဲတွင် လက်ရှိ ဧရာဝတီတိုင်း ဝန် ကြီးချုပ် ဦးသိန်းအောင်ကို အနိုင်ရရှိခဲ့သူ ဖြစ်ပြီး မြန်မာ့ လွပ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဝင် ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော်၏ မြစ်တဦး ဖြစ်ကြောင်း သိရသည်။
လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က“ကျနော်တို့ မှီတင်းနေထိုင်ကြတဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ကျေးလက်နေ ပြည်သူလူထုဟာ ၇၀ ရာ ခိုင်နှုန်းခန့် ရှိပါတယ်။ လက်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ မြေဧက ၃ သိန်းကျော် ရှိပါတယ်။ ဒီပြည်သူများရဲ့ လူနေမှုဘ၀ မြှင့်တင်နိုင်ရေးဟာ ကျနော်တို့ရဲ့ ပထမဦးစားပေး လုပ်ငန်း ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောဆိုခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အတွက် ဥက္ကဋ္ဌအဖြစ် ဦးသန်း၊ ဒုဥက္ကဌအဖြစ် ဦးဘိုသန်းညွှန့်၊ တနသာၤရီတိုင်းအတွက် ဦးခင်မောင်အေးနှင့် ဦးကြည်စိုး၊ ပဲခူးတိုင်းအတွက် ဦးခင်မောင်ရင်နှင့် ဦးကြည်ဇင်တို့ ဖြစ်ကြောင်း သိရသည်။
ထူးခြားချက်မှာ မွန်ပြည်နယ် လွှတ်တော် ဥက္ကဌအဖြစ် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဒေါ်တင်အိ ဆိုသူ ရွေးချယ်ခံရပြီး ဒုတိယ ဥက္ကဌအဖြစ် ဘီးလင်း မဲဆန္ဒနယ်မှ ဦးမင်းမင်းဦးဆိုသူ ရွေးချယ်ခံရသည်။ ၎င်းတို့ ၂ ဦးစလုံးမှာ NLD ပါတီမှ ဖြစ်ကြသည်။
ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အတွက် လွှတ်တော် ဥက္ကဋ္ဌများမှာ ဦးလှထွေး၊ ဦးစောချစ်ခင်နှင့် ဦးဇိုဘွဲဆိုသူတို့ ဖြစ် ကြောင်း သိရသည်။