နေပြည်တော် လယ်ဝေးမြို့နယ် ရွှေပြည်သာကျေးရွာ အုပ်စု ကြံခင်းကျေးရွာတောင်ဘက် မတ်ပဲစိုက်ခင်း အတွင်း တပ်မတော်ပိုင် အမှတ် B 1900 လေယာဉ် တစီး ပျက်ကျမီးလောင်ရာမှ ဗိုလ်မှူး တဦး အပါအဝင် စုစုပေါင်း ၄ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၉ နာရီ ၄၁ မိနစ်အချိန်ခန့် က တပ်မတော် လေယာဉ် B 1900 ပျက်ကျခဲ့ပြီး မီးလောင် ကျွမ်းသွားခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ဗိုလ်မှူး ၁ ဦး ၊ ဗိုလ်ကြီး၂ ဦး၊ ဒုတပ်ကြပ်၂ ဦး အနက် ဒုတပ်ကြပ်၁ ဦးသာ အသက်ရှင်လျက်တွေ့ရရှိရပြီး ကျန် ၄ ဦးမှာ အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားကြောင်း၊ အသက်ရှင် လျက်ကျန်ရှိသူ ဒုတပ်ကြပ် ၁ ဦးကို တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ကုသလျက် ရှိကြောင်းနှင့် မီးလောင်နေသည့် လေယာဉ်ကို မီးသတ်ယာဉ်၃ စီးဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်။
“ဝုန်းခနဲ အသံ တချက်ကြားလိုက်တော့ လူတွေအကုန်ထွက်ကြည့်တာ။ လေယာဉ်ပျက်ကျမှန်းမသိသေးဘူး။ အားလုံး လိုလို လာကြည့်ကြတာ။ ကျနော်ကတော့ ပျက်ကျအပြီး မီးတွေလောင်ပြီးမှ ရောက်လာတာ။ တယောက်ရှင်တယ်။ သူ့ကိုတော့ ဆေးရုံပို့လိုက်ပြီ”ဟု အေလာမြို့ ဒေသခံ ကိုကျော်ကျော် က ဧရာဝတီသို့ ပြောပြသည်။
လက်ရှိတွင် အခင်းဖြစ်ပွားသည့်နေရာသို့ ဝင်ရောက်သည့် လမ်းတလျှောက် ကို ယာဉ်၊ ဆိုင်ကယ် များ မဝင်စေရန် ပိတ်ဆို့လိုက်ပြီး လမ်းလျှောက်ဖြတ်သန်းခွင့်ပြုထားကြောင်း သိရှိရသည်။