ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအနီး ရန်ကုန် – ပြည်ကားလမ်းမကြီးအနီးရှိ အမှိုက်ပုံတွင် လာရောက် စွန့်ပစ်ထားသည့် စိတ်ကြွ ဆေးပြားပေါင်း၂၆၂၀၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ထောက်ကြန့် မြို့မ ရဲစခန်းမှူး ရဲအုပ်ဌေးဝင်းက ဧရာဝတီသို့ ပြော သည်။
ဇန်နဝါရီ ၅ ရက်က ပျဉ်းမပင်ကျေးရွာနေ ဒေသခံတဦးက ထင်းရှာထွက်စဉ် ပြည်လမ်းမနံဘေးရှိ အမှိုက်ပုံတွင် လာရောက် စွန့်ပစ်ထား သည့် အထုပ်များကို တွေ့ရှိခဲ့သဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ ယခုဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း၊ ယင်းပစ္စည်းများမှာ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၃၁၃၅ သိန်းခန့် ရှိလိမ့်မည် ရဲတပ်ဖွဲ့က ခန့်မှန်းထားကြောင်း သိရသည်။
ထောက်ကြန့် မြို့မ ရဲစခန်းမှူး ရဲအုပ်ဌေးဝင်းက“ပစ်ထားတာက အချိန်ကြာပြီလို့ ယူဆရတယ်။ တချို့အထုပ်တွေက ဆေးပြားတွေ ပွင့်ကျနေတယ်။ ရေစိုနေတာတွေ ရှိတယ်။ ပျက်စီးနေတာတွေလည်း ပါတယ်။ အခုတော့ ဘယ်သူလုပ်တယ်ဆိုတာ စစ်ဆေးဆဲပဲ။ မှန်းလို့တော့ မရသေးဘူး။ မူးယစ်အထူးအဖွဲ့တွေ၊ နယ်မြေခံရဲစခန်းတွေနဲ့ ပူးပေါင်းရှာဖွေနေတယ်”ဟု ရှင်းပြသည်။
ပြည်လမ်းမကြီးဘေး အမှိုက်ပုံနှင့် ၅ ပေခန့်အကွာမှ ဆွေးမြေ့စုတ်ပြဲနေသည့် မြင်းပျံတံဆိပ် ဘိလပ်မြေစက်ရုံ အမှတ် ၁ စာတန်းပါ ဆာ လာအိတ်ဟောင်းအတွင်းမှ ပလပ်စတစ် အကြည်ဖြင့် ပတ်လျက် မှိုင်းခံစက္ကူဖြင့် ပတ်ထားသည့် WY စာတန်းပါ ပန်းရောင် စိတ်ကြွ ဆေး ပြား ၁၀၀၀၀ ပြားစီပါ အထုပ်(၂)ထုပ်တို့ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း Yangon Police ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။
လက်ရှိတွင် အဆိုပါ အမှုကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှု ဖွင့်ထားကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၈ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ၁၈ ရပ်ကွက်ရှိ နေအိမ်တအိမ်မှ ငွေကျပ် ၄၅ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများနှင့် တာမွေမြို့နယ်တွင် ကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို ရဲတပ်ဖွဲ့က ဆက်တိုက် ဖမ်းဆီးရမိ ထားသည်ဟု သိရသည်။
ထို့နည်းတူ ၂၀၁၅ ခုနှစ် ဇူလိုင်လ အတွင်း မှ အောက်တိုဘာလ အထိ မင်္ဂလာဒုံမြို့နယ် နှင့် ဒဂုံ(မြောက်နှင့် အရှေ့) မြို့နယ်တို့တွင် စိတ်ကြွွဆေးပြား ၃၃ သန်းကျော် (တန်ဖိုးငွေ ကျပ်သန်းပေါင်း ၂၈၉၃၈ သန်းကျော်) ကို ၅ ကြိမ် ဖမ်းဆီးရမိထားပြီး ပတ်သက်ဆက်နွယ်သူ သံသယတရားခံများကို လည်း ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။