မန္တလေးတိုင်း မြင်းခြံမြို့ ဆားခါးကျေးရွာမှ ဒေသခံများ အားထားနေရသည့် မြနန္ဒာဆည်အနီးတွင် မြင်းခြံမြို့နယ် စည်ပင်သာယာရေး အဖွဲ့က မြေလွတ်မြေရိုင်း ဖော်ဆောင်ရေး စီမံကိန်းတခုကို ဆောင်ရွက်လျက်ရှိရာ လာမည့် နွေရာသီတွင် ရေရှားပါးမှု ပြဿနာနှင့် ကြုံ တွေ့ရနိုင်သဖြင့် ယင်းစီမံကိန်းကို ရပ်ဆိုင်းပေးရန် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဒေသခံများ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
မြနန္ဒာဆည်သည် မြင်းခြံဒေသခံများ၏ ရေရရှိရေး အားထားရာ ဆည်တခုဖြစ်ပြီး ယခုအခါ ဆည်၏ မြေလွတ်မြေရိုင်း ဖော်ဆောင်ရေး လုပ်ငန်းများကြောင့် ပိတ်ဆို့နေပြီဖြစ်ကြောင်း ဆန္ဒပြသူများက ဧရာဝတီသို့ ပြောသည်။
ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ဆားခါးကျေးရွာမှ ဦးရဲမြင့်က“သူတို့က မြေတွေ တူးတယ်။ အဲဒီလို တူးဆွ၊ အပင်တွေရှင်းနဲ့ဆိုတော့ မြနန္ဒာ ဆည်ထဲဝင်တဲ့ ရေကြောတွေ ပိတ်ကုန်တယ်။ အခုဆို ရေက တော်တော်လေး ခန်းနေပြီ”ဟု ပြောသည်။
မြေလွတ် မြေရိုင်း ဖော်ထုတ်ရေး စီမံကိန်းကို ဖော်ဆောင်ခဲ့သည့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က အဆိုပါမြေများမှာ စိုက်ပျိုးရေးနှင့် အဆောက်အဦများ အသုံးပြုရန်အတွက်ဖြစ်ပြီး လွန်ခဲ့သည့် တလခန့်က မြင်းခြံစက်မှုဇုန်နှင့် ဆားခါးကျေးရွာအနီး ဧရိယာတွင် ဖော် ဆောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဦးရဲမြင့်က“ကျနော်တို့ ဌာနဆိုင်ရာကို စီမံကိန်း ဖျက်သိမ်းဖို့ တင်ပြခဲ့ပေမယ့် ဘာမှပြန်လည် ဖြေရှင်းပေးတာ မရှိပါဘူး။ အဲဒါအတွက် ဆန္ဒပြရတာပါ”ဟု ပြောသည်။
ဆန္ဒပြ တောင်းဆိုမှုတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်နေသည့် မြေလွတ်မြေရိုင်း ဖော်ဆောင်ရေး စီမံကိန်းကို ဖျက် သိမ်းရန်နှင့် ရေရှိရန် ဆောင်ရွက်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။
“မြေလွတ် မြေရိုင်း ဖော်ဆောင်ရေး စီမံကိန်းတွေ အလိုမရှိပါဘူး။ ကျနော်တို့ ရေပြန်ရဖို့ပဲ အလိုရှိပါတယ်”ဟု ဦးရဲမြင့်က ပြောသည်။
ဖေဖော်ဝါရီလ ၁၀ရက်နေ့က မြင်းခြံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ကို ဧရာဝတီသတင်းဌာနက ဆက်သွယ်ရန် ကြိုးစားသော်လည်း မရခဲ့ပေ။
မြနန္ဒဆည်သည် ၎င်းတို့ကျေးရွာများ ရေရှိရေးအတွက် တခုတည်းသော အားထားရာဖြစ်ပြီး လက်ရှိတွင် ရေအလွန် လျော့နည်းနေ ကြောင်း၊ ရက်အနည်းငယ်အတွက်သာ ကျန်ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။
မြင်းခြံမြို့မှာ မြန်မာနိုင်ငံ အလည်ပိုင်း အပူပိုင်းဇုန်တွင် တည်ရှိပြီး နွေရာသီတွင် ရေရှားပါးမှု ပြဿနာနှင့် ကြုံတွေ့ရလေ့ ရှိသည်။ မိုးလေ ဝသ ပညာရှင်များက သတိပေးထားသော ယခုနှစ် အယ်နီညို ရာသီဥတုတွင် အပူချိန် လွန်ကဲခြင်း၊ မိုးခေါင်ခြင်းနှင့် ရေရှားပါးမှု ပြဿ နာများ ဖြစ်ပေါ်မည့်အတွက် ဒေသခံများအနေဖြင့် နွေဦးကာလ အစောပိုင်းတွင်ပင် ရေရှားပါးမှုကို ရင်ဆိုင်နေရ၍ နွေကာလများအတွင်း အခြေအနေ ပိုမိုဆိုးဝါးလာမည်ကို စိုးရိမ်နေကြသည်။
မြင်းခြံဒေသခံ ဦးမြအုန်းကလည်း“မြနန္ဒဆည်ကြီး ရှိနေတဲ့အတွက် နွေရာသီမှာ ရေရှားပါးမှု ပြဿနာ သိပ်မရှိခဲ့ဘူး။ ဒါပေမယ့် အခုက ဆည်ထဲမှာ ရေက နောက်ရက်နည်းနည်းအတွက်ပဲ ကျန်တော့တာဆိုတော့ ဒီနှစ်နွေတော့ ရေပြတ်တာကို တော်တော်ဆိုးဆိုး ခံရ တော့မယ်။ ကျနော်တို့ စိုက်ထားတဲ့ သီးနှံတွေလည်း ရေမရလို့ ခြောက်နေပြီ။ တခြားနေရာတွေမှာထက် ကျနော်တို့က ရေပြတ်တဲ့ဒဏ် ပိုစောပြီး ခံရတော့မယ်”ဟု ပြောသည်။