စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA)နှင့် မဟာမိတ် ဆက်ဆံရေး ရပ်စဲကြောင်း ရခိုင် အမျိုးသား ပါတီ(ANP)၏ ကြေညာချက်အပေါ် ပါတီတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းရရှိသည်။
ANP ၏ ကြေညာချက်ကြောင့် သဘောထား ကွဲလွဲမှုတချို့ ရှိသော်လည်း ပြန်လည် ညှိနှိုင်းမည် မဟုတ်ကြောင်း ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ၂ ဦးခိုင်ပြည်စိုးက ဧရာဝတီသို့ ပြောသည်။
ဦးခိုင်ပြည်စိုးက“ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကျနော်တို့ ပြန်ပြီး ညှိနှိုင်းစရာ အကြောင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် တို့ CEC အများစုက ဆုံးဖြတ်ထားတဲ့ဟာကို ပြန်ပြင်ဖို့ ခက်ခဲတယ်”ဟု ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)နှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)တို့က ရခိုင်အမျိုးသား ပါတီ(ANP) အဖြစ် ၂၀၁၄ ခုနှစ်တွင် ပူးပေါင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ပါတီ ၂ ခု မပေါင်းစည်းမီက တခြား တိုင်းရင်းသားပါတီများနှင့် မဟာမိတ် ဆက်ဆံရေး တည်ဆောက်ထားရာတွင် ALD သည် စည်း လုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တွင် ပါဝင်ခဲ့ပြီး RNDP သည် ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF)တွင် ပါဝင်ခဲ့သည်ဟု သိရသည်။
၂၀၁၄ ခုနှစ် နောက်ပိုင်း ပါတီ ၂ ခုပေါင်းစည်းချိန်တွင် ANP အနေဖြင့် မဟာမိတ်အဖွဲ့ နှစ်ခုစလံုံးနှင့် ဆက်လက် လက်တွဲဆောင် ရွက်ရန် သဘောတူခဲ့ကြသော်လည်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်သည့် ပါတီဗဟို အလုပ်အမှုဆောင် အစည်း အဝေးတွင် UNA နှင့် မဟာမိတ် ရပ်စဲကြောင်း ဆုံးဖြတ်ကြေညာခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ကြေညာခဲ့ခြင်းအပေါ် ယခင် ALD အဖွဲ့ဝင် ဗဟို အလုပ်အမှုဆောင်များနှင့် ညှိနှိုင်းခြင်း မရှိသကဲ့သို့ ယင်းတို့၏ သဘော ထားကိုလည်း ရယူခြင်း မရှိဘဲ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ယခင် ALD အတွင်းရေးမှူးလည်းဖြစ် ANP ဗဟိုအလုပ် အမှုဆောင် လည်း ဖြစ်သူ ဦးမျိုးကျော်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ဘက်ကို ညှိနှိုင်းခြင်းလည်း မရှိဘူး။ သဘောထားလည်း ရယူခြင်းမရှိဘဲ ထုတ်ခဲ့တဲ့အတွက် ကျနော်တို့ ALD ဘက် အခြမ်းအနေနဲ့ ပြန်ပြီး ညှိနှိုင်းဖို့ ရှိတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထဲမှာ ကျနော်တို့ဘက်က နည်းတယ်။ ဘာပဲဖြစ်ဖြစ် နှစ်ပါတီ ပေါင်းထားတာဆိုတော့ နှစ်ဘက်ခေါင်းဆောင်တွေရဲ့ သဘောထားကို ယူသင့်တယ်။ ဒါပေမယ့် UNA နဲ့ ကျနော်တို့နဲ့က အခုအချိန် အထိ တသားတည်း ရှိနေပါတယ်”ဟု ဦးမျိုးကျော်က ပြောသည်။
ANP သည် UNA နှင့် မဟာမိတ် ဆက်ဆံမှုကို ရပ်စဲ၍ ရခိုင်အမျိုးသားတို့၏ သမိုင်းဖြစ်စဉ်၊ လူမှုဘဝဖြတ်သန်းမှု အခြေအနေ အရပ် ရပ်ကို စာနာ နားလည်အားပေး ကူညီမှုရှိပြီး ညီနောင်တိုင်းရင်းသား ပြည်သူများ၏ အကျိုးအတွက် လွတ်လပ် အနှောင်အဖွဲ့ ကင်းစွာ ဆောင်ရွက်နေသည့် NBF နှင့်သာ အခိုင်အမာ လက်တွဲဆောင်ရွက်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းကြေညာချက်အပေါ် သဘောထားကွဲလွဲမှုများ ရှိသော်လည်း ပါတီ၏ ဆုံးဖြတ်ချက် မှန်သမျှသည် ပါတီဗဟို အလုပ်အမှုဆောင် အများစု၏ ဆန္ဒ၊ ဒီမိုကရေစီ ကျင့်ထုံးနှင့်အညီ ဖြစ်သဖြင့် အများစု၏ ဆုံးဖြတ်ချက်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံရမည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။
ANP ပါတီက ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက် ၂ ခု စလုံးကြောင့် ပါတီတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ပါတီ ၂ ခု ပေါင်းစည်းရေးကို ထိခိုက်မှု ရှိကြောင်း၊ ၂ ပါတီ ပေါင်းထားသဖြင့် အပြန် အလှန်လေးစားမှု ရှိသင့်ကြောင်း ဦးမျိုးကျော်က ပြောဆိုသည်။
ANP ၏ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည့် သဘောထား ကြေညာချက် (၂/၂၀၁၆)အား NBF မှ ကြိုဆို ဂုဏ်ပြုကြောင်း ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။