ကချင်ပြည်နယ် ကျောက်စိမ်းတူးဖော်ရာ ဒေသဖြစ်သည့် ဖားကန့်မြို့နယ်အတွင်း မြေစာသယ်ကားများအား ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်ပြီး မဖြတ်သန်းရန် လမ်းများ ပိတ်ဆို့ထားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်စိမ်းတူးဖော်ရာ ဒေသများဖြစ်သည့် ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်တွင် မြေစာပုံများ စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် ပြည်သူများအတွက် အန္တရာယ်ရှိနေကြောင်း၊ မိုးရာသီရောက်ပါက မြေစာပုံပြိုမှုကြောင့် လယ်မြေများပျက်စီးစေသဖြင့် မြေစာသယ်ကားများ ဖြတ်သန်းရန် ခွင့်မပြုခြင်း ဖြစ်သည်ဟု ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်းဒေးရှင်း အဖွဲ့ဝင် ဦးနော်နန်က ဧရာဝတီကို ပြောသည်။
“သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို တင်ပြသွားမှာပါ။ မိုးတွင်းကျရင် ဒေသခံတွေ ဒုက္ခရောက်မယ်။ အခုလည်း သူတို့ ပစ်ချင်သလို ပစ်နေတယ်။ အစိုးရ သတ်မှတ်ထားတဲ့နေရာ မဟုတ်ဘူး။ အစိုးရသတ်မှတ်တာ ပေ ၃၀၀ ပဲ ပစ်ဖို့ သတ်မှတ်တာ။ သူတို့ပစ်ထားတာက ပေ ၃၀၀၀ ကျော်လောက်ရှိတယ်။ အန္တရာယ် အရမ်းများတယ်” ဟု ဦးနော်နန်က ဆိုသည်။
၂၀၁၅ ခုနစ်အတွင်း ဖားကန့်မြို့နယ်တွင် မြေစာပုံပြိုကျမှု “၆” ကြိမ်အထိ ဖြစ်ပွားခဲ့သည်။ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်အရ ဖားကန့်မြို့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများမှ စွန့်ပစ်သည့် မြေစာပုံများတွင် ရေမဆေးကျောက် ကောက်နေသည့် အလုပ်သမား ၂ သိန်း ဝန်းကျင် ရှိကြောင်း သိရသည်။
ဖားကန့်ဒေသခံ ဦးမရန်က “မြေစာပုံတဲ့နေရာ လုံးခင်းလယ်ကွင်းထိပ်မှာ ဖြစ်နေတယ်။ မိုးတွင်းကျရင် မြေစာပုံ ပြိုကျရင် လယ်ကွက်တွေထဲ မြေစာတွေဝင်ပြီး လယ်တွေပျက်သွားမယ်။ အဲ့ဒါကြောင့် လမ်းတွေပိတ်ဖို့ လုပ်လိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
မြေစာတင်သည့်ကားများသည် ပြည်သူပိုင်လမ်းမများပေါ်မှ ဖြတ်သန်းမောင်းနှင်နေသဖြင့် ဒေသခံများအတွက် အသက်အန္တရာယ် စိုးရိမ်စရာများ ဖြစ်စေသည့်အတွက် ယခုလိုမဖြတ်သန်းရန် လမ်းများပိတ်ဆို့ထားသင့်သည်ဟု ၎င်းက ဆက်ပြောသည်။
သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်မြို့တွင် ကုမ္ပဏီ ၆၂၇ ကို လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်ချထားပေးပြီး၊ အစိုးရနှင့် အကျိူးတူပူးပေါင်း လုပ်ကိုင်ရန် ကုမ္ပဏီ ၂၃၀ ကို လုပ်ကွက် ၃၁၁ ကွက်ချထားပေပြီး ကျောက်စိမ်းတူးဖော်ခွင့် ပြုထားကြောင်း သိရသည်။
စွန့်ပစ်မြေစာပုံပြိုကျ၍ မတော်တဆ သေဆုံးသူများအရေးနှင့် ပြည်သူတို့ စိုးရိမ်မှုများကို ဖြေရှင်းနိုင်ရန် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးထားသော်လည်း ပြည်ထောင်စု အစိုးရအဖွဲ့က ဖားကန့်ကိစ္စကို ဖြေရှင်းနိုင်ရန် လုပ်ငန်းများကို လုံးဝပိတ်သိမ်းခြင်း၊ ရဲတပ်ဖွဲ့က ထိန်းသိမ်းခြင်း၊ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်၍ လုပ်ငန်း ဆက်လက်လုပ်ကိုင်ခြင်းဟူသည့် နည်းလမ်း ၃ ခုဖြင့် ဖြေရှင်းမည်ဟု ပြောဆိုထားသည်။