အင်ဒိုနီးရှားလေတပ်က ရုရှားလုပ် ဆူခွိုင်းအမျိုးအစား Su -35S ဘက်စုံသုံးတိုက်လေယာဉ် ၁၀ ဝယ်ယူမယ်လို့ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Ryamizard Ryacudu ကို ကိုးကားပြီး ပြည်တွင်းသတင်းတွေက ဆိုပါတယ်။ အဲ့ဒီအတွက် လာမယ့် မတ်လမှာ အင်ဒို ကာကွယ်ရေးဝန်ကြီးဟာ မော်စကိုကို သွားရောက်ပြီး နောက်ဆုံးသဘောတူညီချက်အတွက် လက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။
“အမေရိကန်လုပ် F-5 Tiger တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဖြစ်ပေမယ့် နောက်ပိုင်းမှာ ရုရှားတိုက် လေယာဉ် တွေကို ဝယ်ယူဖို့ ပြောင်းလဲဆုံးဖြတ်လိုက်တာဖြစ်တယ်” ကာကွယ်ရေး ဝန်ကြီးက ဆိုပါတယ်။
မူလက ရုရှားလေယာဉ်တအုပ် စုစုပေါင်း ၁၆ စီးဝယ်ယူဖို့ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ၁၀ပဲ ဝယ်ယူဖို့ ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။
သဘောတူညီမှုမှာ လေယာဉ်မောင်းများကို သင်တန်ပေးဖို့၊ စစ်ဘက်ဆိုင်ရာ ဖလှယ်မှု သင်တန်းအစီအစဉ်ပေးဖို့ တွေလည်းပါရှိတယ်လို့ သိရပါတယ်။
အပတ်စဉ်ထုတ် IHS ဂျိန်းစ်ကာကွယ်ရေးစာစောင်ရဲ့ အဆိုအရ Su-35S လေယာဉ်ဟာ တယောက်စီး၊ AL-117S အမျိုးအစား တာဗိုအင်ဂျင် ၂လုံးတပ်ဖြစ်ပြီး၊ ဆူခွိုင်း စတုထ္တမျိုးဆက်ကို အဆင့်မြှင့်တင်ထားတဲ့ ပဉ္စမမြောက်မျိုးဆက်ဖြစ်ပါတယ်၊ ခေတ်မီတဲ့ အီလက်ထရွန်နစ် လေယာဉ်ထုတ်လုပ်မှု ပုံစံကို အခြေခံထားပြီး ဒီဂျစ်တယ် သတင်းရယူမှုစနစ်၊ ရေဒါရှောင်ကွင်းနိုင်မှု၊ ပစ်မှတ်ကို ခြေရာခံနိုင်မှုတို့ကို အားကောင်းအောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။
လတ်တလော အင်ဒိုနီးရှားလေတပ်မှာ အမေရိကန်လုပ် F -16 အမျိုးအစား ၁၂ စီး၊ F-5E/Fအမျိုးအစား ၁၂ စီး၊ ရုရှားလုပ် Su -27 အမျိုးအစား ၅စီး၊ Su- 30 အမျိုးအစား ၁၁စီးနဲ့ တခြားသောလေ့ကျင်ရေးလေယာဉ်တွေ အသုံးပြုနေတယ်လို့ ဆိုပါတယ်။