အီရတ်နိုင်ငံတွင် ISIS အဖွဲ့နှင့် တိုက်ခိုက်နေသော ကာ့ဒ်လူမျိုးများကို ကူညီရန် မြန်မာနိုင်ငံမှ တိုင်းရင်းသား ၄ ဦးပါဝင်သည့် အဖွဲ့တခု ရောက်ရှိနေပါသည်။ Free Burma Rangers (FBR) အဖွဲ့၏ စီစဉ်ပေးမှုဖြင့် ထိုသို့ရောက်ရှိနေခြင်း ဖြစ်သည်။
FBR သည် ၁၉၉၇ ခုနှစ်တွင် အမေရိကန်စစ်ပြန်တဦးက စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းစစ်ဖြစ်ပွားရာ မြန်မာပြည် နယ်စပ်တကြော အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဌာနေ တိုင်းရင်းသား အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ဆေးဝါးအထောက်အပံ့များ ပေးသည့် နည်းတူ ပဋိပက္ခဒေသများမှ လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း မှတ်တမ်းတင်လျှက်ရှိသည်။ FBR အတွက် ရန်ပုံငွေကို အမေရိကန်နိုင်ငံနှင့် အခြားနေရာ အသီးသီးရှိ ခရစ်ယန် အဖွဲ့အစည်းများ၊ ဘုရားကျောင်းများက အဓိက ထောက်ပံ့ပေး နေသည်။
အီရတ်နိုင်ငံတွင် အရေးပေါ် အကူအညီများ သွားကူညီပေးသည့် FBR ကိုယ်စားလှယ် အဖွဲ့တွင် ကရင်တိုင်းရင်းသား ၃ ဦးနှင့် ကချင် တိုင်းရင်းသား ၁ ဦးတို့ ပါဝင်ကြသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ အီရတ်နိုင်ငံ Sinjar မြို့သို့ ရောက်ရှိနေသည့် FBR မှ ကရင်တိုင်းရင်းသား “မန်းကီး”ဟု အမည်ပြောင်ပေးထားသူက “Free Burma Rangers ရဲ့ ဆောင်ပုဒ် အတိုင်းပါပဲ။ ကျနော် တို့က ဖိနှိပ်ခံရသူတွေ ဘက်က ရပ်တည်ပါတယ်။ အီရတ်နိုင်ငံမှာက ဖိနှိပ်မှုတွေရှိနေတယ်။ ဒါကြောင့် ကျနော်တို့ကို ဒီကို လာပြီးတော့ အားပေးဖို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရပါတယ်။ ဒါကြောင့် ဖိနှိပ်ခံရသူတွေကို တတ်နိုင်သမျှ ကူညီဖို့ ကျနော်တို့ ဒီကို လာခဲ့တာပါ” ဟု ပြောသည်။
“ကျနော်တို့က ကာ့ဒ်တပ်ဖွဲ့တွေကို ရှေ့တန်းစစ်မျက်နှာမှာ ထိခိုက်ဒဏ်ရာရသူတွေကို ချက်ချင်းအကူအညီပေး တုန့်ပြန်နိုင်ရေး ရှေးဦးသူနာပြုနည်းလိုမျိုး ဆေးဘက်ဆိုင်ရာ သင်တန်းတွေပေးပါတယ်။ ဒီနေရာမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို ကမ္ဘာကသိနိုင်ဖို့ အတွက် သတင်းအချက်အလက်တွေနဲ့ မှတ်တမ်းတွေကို ကျနော်တို့ စုဆောင်း နေပါတယ်” ဟု မန်းကီးက ပြောသည်။
ယခုခရီးစဉ်သည် ISIS စစ်သွေးကြွများနှင့် တိုက်ခိုက်နေသော ကာ့ဒ်လူမျိုးများကို ကူညီရန် အီရတ်နိုင်ငံသို့ FBR အဖွဲ့ ဒုတိယ အကြိမ်မြောက်သွားရောက်ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇွန်လတွင် ပထမ အဖွဲ့သွားရောက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ တွင် ဒုတိယအဖွဲ့ ရောက်ရှိခဲ့သည်။
Kurdistan နှင့် Sinjar မြို့များ အပါအဝင် ရှေ့တန်း စစ်မျက်နှာ အများအပြားသို့ FBR အဖွဲ့ သွားရောက်ခဲ့ပြီး ကာ့ဒ်လူမျိုးတပ်ဖွဲ့များနှင့် ၎င်းတို့၏ မိသားစုများကို ရှေးဦးသူနာပြု သင်တန်းများကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှုများ အပြင် ISIS နှင့် တိုက်ပွဲများတွင် ကာ့ဒ်အဖွဲ့၏ ကယ်ဆယ်ရေးဆောင်ရွက်မှုများကို မှတ်တမ်းရယူခဲ့သည်။
အီရတ်နိုင်ငံတွင် သူလေ့လာမိသည်များကို မေးသည့် အခါ မန်းကီးက “ပဋိပက္ခဇုန်တိုင်းက အန္တရာယ်များတယ်။ ဒါပေမယ့် ကျနော်တို့က ဒုက္ခရောက်နေသူတွေကို ကူညီရမယ်။ ဒါကြောင့် ဒီမှာ ကျနော်တို့ လုပ်စရာတွေ ရှိနေတယ်” ဟု ဖြေသည်။
အီရတ်နိုင်ငံ နှင့် မြန်မာနိုင်ငံသည် ပထဝီအနေအထားကွာခြားသည့် အတွက် တိုက်ပွဲများက သိသိသာသာကွာခြားသည် ဟု သူကပြောသည်။ အီရတ်နိုင်ငံမှ သဲကန္တာရအတွင်း တိုက်ပွဲများတွင် ဒုံးကျည်များ၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ် ကြပြီး မြန်မာနိုင်ငံတွင်မူ တောတောင်များ အတွင်းတွင် လက်နက်ငယ်များဖြင့် တိုက်ခိုက်ကြရသည်။
“ဒီမှာကတော့ ကန္တာရထဲမှာ ဖြစ်နေတယ်။ သစ်ပင်မရှိဘူး။ များသောအားဖြင့် သူတို့က အရမ်းဝေးတဲ့ နေရာကနေ တဘက်ကို တဘက်ပစ်ခတ်ကြတယ်။ လေယာဉ်နဲ့ ဗုံးကျဲတယ်။ မြန်မာနိုင်ငံမှာတော့ အနီးကပ်တိုက်ခိုက်ကြတယ်” ဟု မန်းကီးက ပြောသည်။
အမေရိကန် အထူးတပ်ဖွဲ့မှ အရာရှိဟောင်းတဦး ဖြစ်သော FBR ၏ ခေါင်းဆောင် David Eubank ဦးဆောင်သည့် ပထမ ဆုံး FBR အဖွဲ့သည် ပြီးခဲ့သည့်နှစ် မေလအတွင်းက ကာ့ဒ်လူမျိုး တပ်ဖွဲ့များနှင့် အတူ ရှေ့တန်းစစ်မျက်နှာသို့ သွားရောက်၍ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် ထိစပ်နေသော အီရတ်နိုင်ငံ အနောက်မြောက်ပိုင်း Nineveh ခရိုင် Sinjar မြို့မှ ၎င်းတို့၏ လုပ်ငန်းကို ဗီဒီယို ရိုက်ကူး မှတ်တမ်းတင်ခဲ့ပါသည်။
Sinjar မြို့တွင် ရိုက်ကူးခဲ့သော “Evil at Our Doorstep: The Free Burma Rangers in Kurdistan,” (https://www.youtube.com/watch?v=tvX1bA9UyCE) အမည်ရှိသည့် ဗီဒီယိုတွင် ညတိုက်ပွဲများ၊ ၎င်းတို့၏ ခရီးစဉ် များ နှင့် စစ်မြေပြင်မှ ကယ်ဆယ်ရေးနှင့် စစ်ဆင်ရေး လှုပ်ရှားမှုများကို ဖော်ပြထားပါသည်။
“ကျနော်တို့မှာ မြန်မာနိုင်ငံက အရမ်းတော်တဲ့ အဖွဲ့တဖွဲ့ ရှိပါတယ်။ ကျနော်တို့ရဲ့တာဝန်က ISIS ရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့နဲ့ ဘာတွေဖြစ်နေသလဲဆိုတာ ကမ္ဘာကိုပြောဖြဖို့ ဖြစ်ပါတယ်။ လူတွေကို ကူညီမယ်၊ သတင်းတွေကို ထုတ်ပေးမယ်” ဟု David Eubank က ဧရာဝတီသို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
“ကာ့ဒ် ပြည်သူတွေက မြန်မာနိုင်ငံက ပြည်သူတွေလိုပဲ ထိခိုက်ခံစားနေရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒုက္ခတွေရှိ နေတာတောင်မှ သူတို့ဆီကို လာခဲ့တယ်ဆိုတော့ သူတို့ အံ့သြသွားကြပါတယ်” ဟု David Eubank က ပြောသည်။
ISIS အဖွဲ့က Sinjar မြို့ကို ပြီးခဲ့သည့် နှစ်က သိမ်းပိုက်ခဲ့သော်လည်း ကာ့ဒ် တပ်ဖွဲ့များ၊ အမေရိကန်နှင့် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှု အကူအညီဖြင့် ပြန်လည်တိုက်ခိုက်သည့်အခါ ဆုတ်ခွာသွားခဲ့သည်။ ISIS အဖွဲ့က Sinjar မြို့ကို သိမ်းယူထားစဉ်တွင် FBR အဖွဲ့ဝင်များရှိနေသည့် ကာ့ဒ် အဖွဲ့စခန်းကိုလည်း လာရောက်တိုက်ခိုက်ခဲ့သေးသည်။