ဒီမိုကရေစီ အစိုးရ အဖြစ်သို့ အသွင်ကူးပြောင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့တပ်မတော်တို့၏ အစောပိုင်း ဆွေးနွေးမှုများ အပေါ် အကောင်းမြင်ခဲ့ရသည့် ခံစားမှုများက အာဏာခွဲဝေရေးနှင့် စစ်အစိုးရထားခဲ့သည့် ဥပဒေများကို ဖြေရှင်းရေးတွင် တင်းမာမှုများ မြင့်တက်လာသည်နှင့် အမျှ လျော့ပါးလာခဲ့ရသည်။
မတိုးသာ မဆုတ်သာ အနေအထားကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်တွင် သမ္မတ အသစ်တဦး ရွေးချယ်တင်မြှောက်ရေးကို မတ်လ ၁၇ ရက်နေ့ အထိ နောက်ဆုတ်လိုက်ရသည်။ အစိုးရသစ်၏ သက်တမ်းစတင်နိုင်မည်ဟု ယူဆရသည့် ဧပြီလ ၁ ရက်နေ့နှင့် အလွန်နီးကပ်သွားခြင်း ဖြစ်သည်
လုံခြုံရေး တင်းကြပ်စွာဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုနေစဉ်အတွင်း ပြီးခဲ့သည့်လက မြန်မာ တပ်မတော်ဘက်မှ အစိုးရသစ် တွင် ၎င်းတို့ဘက်မှ ရရှိလိုသည်များကို တင်ပြလာပြီးနောက် ကွဲပြားမှုများ ပေါ်ထွက်လာခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြသည်။
ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါသော မဟာမိတ်တယောက်ဖြစ်နေသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းကို အာဏာအပြည့်အဝရှိသည့် ကော်မတီတရပ်ကို ဦးဆောင်ရန် တာဝန်ပေးအပ်လိုက်ခြင်းကလည်း မယုံကြည်မှုများ ပေါ်ပေါက်စေခဲ့သည်ဟု အချို့က ဆိုသည်။ အဘယ်ကြောင့်ဆိုသော် သူက အတွင်းလူတယောက် ဖြစ်ခဲ့သည့်အတွက် အစိုးရသစ်အနေဖြင့် အစိုးရဟောင်း၏ ဆောင်ရွက်ချက်များအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် သိသွားနိုင်သောကြောင့် ဖြစ်ပါသည်။
“အရင်အစိုးရက အဖွဲ့ဝင်တွေအားလုံးက အခုအချိန်မှာ စိုးရိမ်ကြောက်လန့်နေကြပုံရပါတယ်။ ဒါကြောင့် သူတို့ကိုယ်သူတို့ ကွယ်နိုင်ဖို့ အတွက် စစ်တပ်ရဲ့ အရှိန်အဝါကို အသုံးချဖို့ ကြိုးစားလာပါတယ်” ဟု စစ်တပ်နှင့် ဆက်သွယ်မှုရှိသော ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) မှ လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးကပြောသည်။
မြန်မာနိုင်ငံတွင် ၂၅ နှစ်အတွင်း ပထမဆုံးအဖြစ် ဒီမိုကရေစီ နည်းကျစွာ ကျင်းပနိုင်ခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံကို ၄၉ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် စစ် အစိုးရ၏ နေရာကို ၂၀၁၁ ခုနှစ်တွင် အစားထိုးခဲ့သော အရပ်သား တပိုင်းအစိုးရကို ဖယ်ရှားနိုင်မည့် အသွင်ကူးပြောင်းရေးကို စတင်နိုင်ခဲ့သည်။
အသွင်ကူးပြောင်းရေးကို အပြန်အလှန် လက်ဆွဲနှုတ်ဆက်မှုများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအကြောင်း ပြောဆိုမှု များဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြောင်းလဲလာခဲ့သည်။
ပြီးခဲ့သည့် ရက်များအတွင်းတွင် NLD နှင့် တပ်မတော်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်နိုင်အောင် တားဆီး ထားသည့် စစ်အစိုးရရေးဆွဲခဲ့သော အခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ပြောင်းလဲရန် သင့်၊ မသင့်ကို မီဒီယာများမှ တဆင့် ငြင်းခုန်မှုများ ပြုလုပ်ခဲ့ကြသည်။
လက်ရှိအစိုးရ၏ ပြန်ကြားရေးဝန်ကြီးနှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်အပေါ် လေးစားသင့်သည်ဟု ပြောသည်။ သူ၏ အစိုးရကလည်း စီးပွားရေး ပြုပြင်ပြောင်းလဲရေး ကို အလေးပေးရမည့်အစား သမ္မတရာထူး ကိစ္စကို အရေးထားမနေသင့်ဟုလည်း တိုက်တွန်းခဲ့သည်။
ရှေ့ကို ကြည့်မလား နောက်ပြန်ကြည့်မလား
ပြီးခဲ့သည့် နှစ်က ကြံ့ခိုင်ရေးပါတီမှ ထုတ်ပယ်ခြင်း ခံခဲ့ရသော ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဦးရွှေမန်းကို NLD က ဥပဒေရေးရာနှင့် အထူး ကိစ္စ ရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌ အဖြစ် ခန့်အပ်ခဲ့သည်။ အဆိုပါ ကော်မရှင်သည် ဥပဒေပြုရေး အတွက် အကြံပေးနိုင်သော သြဇာကြီးသည့် ကော်မရှင် တခုဖြစ်သည်။
ထိုသို့ ရွေးချယ်ခန့်အပ်လိုက်ခြင်းကြောင့် အကယ်၍ NLD က ကော်မရှင်၏ ကျွမ်းကျင်မှုကို အသုံးချ၍ ဦးသိန်းစိန် အစိုးရလက်ထက်က ဥပဒေများကို ပြင်ဆင်ခြင်း သို့မဟုတ် ၎င်းတို့ အတည်ပြုခဲ့သော ကန်ထရိုက်စာချုပ်များကို ပြန်လည် သုံးသပ်ခြင်းများ ပြုလုပ်လာခဲ့လျှင် ဦးသိန်းစိန်၏ အစိုးရအဖွဲ့ဝင်များအတွက် ပြဿနာ ဖြစ်လာနိုင်သည်ဟု လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်တပ်အတွင်းမှ သူ၏ ရန်သူဟောင်းများကြားတွင် အလုပ်ဖြစ်မည့်ဆက်ဆံရေးတခု တည်ဆောက်နိုင်ရေးတွင် ယခင်က အကြောင်းအရာများအပေါ် အပြစ်မယူရေးက အရေးကြီးသည့် အချက်တခုဖြစ်သည်။ အခြေခံ ဥပဒေအရလည်း စစ်တပ်က လွှတ်တော်အတွင်းတွင် နေရာတခု ရယူထားသလို နိုင်ငံ၏ အရေးပါသည့် အစိတ် အပိုင်းများကိုလည်း ထိန်းချုပ်ရေးဖြစ်ပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ယခင်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က NLD အနေဖြင့် အတိတ်က အကြောင်းများကို အလေးပေးနေမည် မဟုတ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ အပြန်အလှန် အနေဖြင့် ဦးသန်းရွှေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်၏ အနာဂါတ်ခေါင်းဆောင် အဖြစ် အတည်ပြု ထောက် ခံပေးခဲ့သည်။
ဒီဇင်ဘာလ အကုန်ပိုင်းတွွင် လွှတ်တော်ကို လွှမ်းမိုးထားသော ဦးသိန်းစိန်၏ ကြံ့ခိုင်ရေးပါတီက သမ္မတ ရာထူးတာဝန်ထမ်း ဆောင်ခဲ့သူကို တာဝန်ထမ်းဆောင်စဉ် အတွင်း ပြုလုပ်ခဲ့သည့် လုပ်ရပ်များကြောင့် အရေးယူ အပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့် ပေးသည့် ဥပဒေတခုကို အတည်ပြုပြဌာန်းခဲ့သည်။ ၎င်းတို့၏ လွှတ်တော် သက်တမ်း မကုန်ဆုံးမီ အတည်ပြုခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများက ထိုဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။
“ဒီဥပဒေက သမ္မတကိုပဲ ကာကွယ်ပေးတာပါ။ သူ့ရဲ့ဝန်ကြီးတွေ မပါပါဘူး” ဟု ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စား လှယ်ဟောင်းတဦး ကပြောသည်။ သူက ဦးရွှေမန်း ဦးဆောင်သည့် ကော်မရှင်မှ အဖွဲ့ဝင် တဦးလည်း ဖြစ်ပါသည်။ လတ် တလော ဘတ်ဂျက်များကို ကော်မရှင်က ကြည့်ရှုမည် ဖြစ်သည်ဟုလည်း သူကဆိုသည်။
တပ်မတော်၏ တောင်းဆိုမှု
တပ်မတော်က ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရန်ကုန်တိုင်းများအတွက် ပြည်နယ်နှင့် တိုင်းအစိုးရ ဝန် ကြီးချုပ်နေရာများကို တောင်းဆိုထားသည်။ ရန်ကုန်တိုင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး အလျှင်အမြန်တိုးတက်လာသည် နှင့် အမျှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အမြောက်အများ ရောက်ရှိလာဖွယ်ရှိသည့် နေရာ ဖြစ်ပါသည်။ ဆွေးနွေးမှု၏ အသေး စိတ် အကြောင်းအရာများနှင့် ပတ်သက်၍ ၂ ဘက်လုံးကို အတိုချုပ်သာ ပြောဆိုခဲ့သည်။
ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် ၂ ခုလုံးတွင် အင်အားကောင်းသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရှိနေပြီး ၎င်း တို့ကလည်း မူးယစ်ဆေးထုတ်လုပ်ခြင်းမှသည် ကျောက်စိမ်း မှောင်ခိုလုပ်ငန်းအထိ တရားမဝင်လုပ်ငန်း အသီးသီးတွင် ပါဝင် ပတ်သက်နေကြသည်။
ကိုယ်ပိုင်အုပ်ချုပ်ရေးများနှင့် ကိုယ်ပိုင်တပ်ဖွဲ့များ ရှိနေသည့် အထူးဒေသများလည်း ပါဝင်နေသည့် အဆိုပါ ပြည်နယ်များကို ထိန်းချုပ်နိုင်ရေးသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲနိုင်ရေးကို ထိပ်တန်း ဦးစားပေးအဖြစ် ထားရှိသော ဒေါ်အောင်ဆန်းစုကြည်အတွက် အလွန် အရေးပါပါသည်။
မြန်မာနိုင်ငံတွင် အရေးကြီးသော စီးပွားရေးနှင့် ဗျူဟာမြောက်ရင်းနှီးမြှပ်နှံမှုများvရှိနေသည့် တရုတ်နိုင်ငံကလည်း ၎င်း၏ သြဇာအရှိန်အဝါကို ကာကွယ်နိုင်ရေးအတွက် စိုးရိမ်နေသည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သော ဦးဝင်းထိန်းကပြောသည်။
“တရုတ် အစိုးရ ကိုယ်စားလှယ်တွေနဲ့ စီးပွားရေး အဖွဲ့အစည်းတွေက ကျနော်တို့ ဆီကိုလာပြီး သမ္မတနဲ့ စီးပွားရေး သဘောတူညီချက်တွေ အကြောင်း တချိန်လုံး ပြောနေကြတယ်” ဟု ဦးဝင်းထိန်က ပြောသည်။
(Reuters သတင်းဌာနမှ Hninn Yadana Zaw ၏ Political Mood Sours as Transition Talks Hit a Snag ကို ဆီလျော်အောင် ဘာသာပြန်သည်)