ကျောက်စိမ်းတူးဖော်ရာ ဒေသတခုဖြစ်သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မြေစာသယ်ကားများအား မဖြတ်သန်းရန် လမ်း များ ပိတ်ဆို့ဆန္ဒပြသူများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များကြား ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ တွေ့ဆုံ ဆွေးနွေးသော် လည်း ပြေလည်မှု မရရှိသေးကြောင်း သိရသည်။
ကျောက်စိမ်းတူးဖော်ရာ ဒေသများ ဖြစ်သည့် ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်ဒေသတို့တွင် မြေစာသယ်ကားများ မဖြတ်သန်းရန် ဖေဖော် ဝါရီ ၁၃ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ဒေသခံလူထုက ပိတ်ဆို့ခဲ့ကြောင်း၊ အာဏာပိုင်များကို ဒေသခံများက အ ချက် ၃ ချက်ဖြင့် တင်ပြ တောင်းဆိုခဲ့သော်လည်း အာဏာပိုင်များဘက်မှ တစုံတရာ တုန့်ပြန်ခြင်း မရှိသေးဘဲ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ သို့ ပြန်လည် ချိန်းဆိုလိုက်ကြောင်း သိရသည်။
တွေ့ဆုံ ညှိနှိုင်းရာတွင် ပါဝင်ခဲ့သူတဦးဖြစ်သူ ဦးဇော်ရှန်က“ချောင်းကို နဂိုအတိုင်း ဆယ်ပေးဖို့၊ မြေစာကို ဝိတ်လျော့ပေးဖို့၊ မြေစာပုံ ဝိတ် မလျော့ရင် မိုးရာသီကျရင် ပြိုမယ်။ ချောင်းကောမယ်။ ချောင်းကောလာရင် ဆိုင်းတောင်ရွာဟောင်း မြှပ်မယ်။ မလုပ်ပေးရင် ပိုဆိုးဖို့ပဲ ရှိပါ တယ်။ ညှိနှိုင်းတာ မပြေသေးပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
သက်ဆိုင်ရာ အာဏာပိုင်များက မြေစာပုံများကို လိုက်လံ ကြည့်ရှုနေကြောင်း၊ မြေစာပုံများသည် အလွန်မြင့်မားကာ မြေစာပုံ အောက် ခြေတွင် ချောင်းထဲသို့ မဝင်ရန် သစ်သားတုံးများ ကာရံထားသော်လည်း ခိုင်ခံ့မှု မရှိဟု ဦးဇော်ရှန်က ပြောသည်။
ဒေသခံ တဦးဖြစ်သူ ဦးလထော်ကလည်း“အခင်းဖြစ်တဲ့နေရာ လိုက်ကြည့်နေတယ်။ မြေစာပုံကို ဘယ်လိုလုပ်မလဲဆိုတာ လိုက်ကြည့်ပြီး ညှိနေတယ်။ ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာက ဘယ်လို နားလည်မှုနဲ့ လုပ်နေလဲ မသိဘူး။ မနေ့က အာဏာပိုင်တွေက မပြေလည်မချင်း ကုမ္ပဏီကားတွေကို မဖြတ်သန်းရဘူးလို့ ပြောပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဖားကန့်ဒေသအတွင်း မြေစာသယ်ကားများ မြို့ရွာထဲ ဖြတ်သန်းမှုကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားခြင်း၊ မြေစာပုံ စည်းကမ်းမဲ့ စွန့်ပစ်မှု ကြောင့် ချောင်းများ တိမ်ကောသွားကြောင်း၊ ၂၀၁၅ ခုနစ်အတွင်း ဖားကန့်မြို့နယ်တွင် မြေစာပုံ ပြိုကျမှု “၆” ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး မြေ သယ်ကား ကြိတ်မိကာ သေဆုံးသူ ဦးရေ ၂၀ ဦး ရှိခဲ့ကြောင်း သိရသည်။
ဖားကန့်ဒေသခံ ဦးဖိုးတူက“ဆိပ်မူမှာ ညှိနှိုင်းတာ လောလောဆယ် မပြေလည်သေးဘူး။ ဆက်ပြီး လုံးခင်းရုံးမှာ ဆက်ပြီးတော့ ညှိနှိုင်း နေ တယ်။ လျော့ကျလာရင် ရွာပေါ်မှာ ရေတွေလွှမ်းမယ် ဆိုပြီး ညှိနေတာ။ ဘယ်သူတာဝန်ယူပေးမှာလဲပေါ့။ ဖုန်မထအောင် ရေဖြန်းပေးနေ တုန်း ကားအကြီးတွေက မမြင်တော့ ကျိတ်ခံရတာတွေကို ဘယ်သူက တာဝန်ယူပေးမှာလဲ။ အဲဒါတွေ ညှိနှိုင်းတာ မပြေလည်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဖားကန့်မြို့နယ် ကော်မတီ အထောက်အကူပြုကော်မတီ အဖွဲ့ဝင် ဦးသိန်းဇော်က အာဏာပိုင်များနှင့် ဒေသခံများကြား ညှိနှိုင်းမှုမှာ ပြေလည်မှု မရှိသေးသဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဆက်လက်ညှိနှိုင်းသွားရန် သဘောတူထားကြောင်း ပြောသည်။
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး၏ အဆိုအရ ဖားကန့်မြို့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများမှ စွန့်ပစ်သည့် မြေစာပုံများတွင် ရေမ ဆေးကျောက် ရှာဖွေနေသည့် အလုပ်သမား ၂ သိန်းဝန်းကျင် ရှိကြောင်း သိရသည်။