ထိုင်းဘုရင့်တပ်မတော်ဟာ ရုရှားထံမှ တင့်ကားများ၊ ရဟတ်ယာဉ်များအပါအဝင် တခြားသောလက်နက်များကို ဝယ်ယူဖို့ မျော်လင့်ထားတယ်လို့ ယနေ့ထုတ် Bangkok Post သတင်းက ဆိုပါတယ်။
ဒါဟာ ထိုင်း ဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်ဝေါင်ဆူဝမ် ရဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၃ရက်မှ ၂၇ရက်အထိသွားရောက်ခဲ့တဲ့ ရုရှား၊ ဘီလာရုစ်ခရီးစဉ် အပြီး နီးစပ်တဲ့အသိုင်း အဝန်းက ထွက်ပေါ်လာတဲ့ သတင်းတရပ်ဖြစ်ပြီး၊ လက်ရှိအသုံးပြုနေတဲ့ အမေရိကန် လုပ် UH- 1H အမျိုးအစား Bell ရဟတ်ယာဉ်တွေနေရာမှာ အစား ထိုးဖု့ိ MI-17 လို ရဟတ်ယာဉ် တွေကို ပိုမိုဝယ်ယူလိုနေတာဖြစ်တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြီး ပရာဝစ်ကတော့ သူရဲ့ ရုရှားခရီးစဉ်နဲ့ ပတ်သက်ပြီး မနေ့က စစ်ဘက်ဆိုင်ရာ ဒွန်းမောင်း လေယာဉ် ကွင်း၌ ရှင်းလင်းပြောကြားရာမှာ ထိုင်းနဲ့ ရုရှားနှစ်နိုင်ငံ အကြားမှာ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ များ အပြန်အလှန် စေလွှတ်ပြီး လေ့ကျင့်မှုတွေပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တယ်လို့သာဆိုပြီး၊ ရုရှားထံမှ လက်နက်ဝယ် ယူရေးနဲ့ ပတ်သက်လို့ တိုက်ရိုက်ဆွေးနွေးတာမျိုးမရှိဘူးလို့ ပြောပါတယ်။
ဒါပေမယ့် စစ်ဘက်ဆိုင်ရာအသိုင်းအဝိုင်းကတော့ “ဗိုလ်ချုပ်ကြီးပရာဝစ်က ဒီခရီးစဉ်အတွင်းမှာ တခြား သော စစ်ဘက်ဆိုင်ရာသဘောတူညီချက်တွေမလုပ်ခဲ့ဘူး ဆိုပေမယ့် နှစ်နိုင်ငံအကြားမှာ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ စက်မှုပညာတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရုရှားလက်နက်တွေကို ထိုင်းနိုင်ငံအနေနဲ့ ပိုမိုဝယ် ယူဖို့တော့ဆွေးနွေးခဲ့တယ်”လို့ နီးစပ်တဲ့ အသိုင်းအဝန်း ကဆို ပါတယ်။
ဗိုလ်ချုပ်ကြီး ပရာဝစ်ကလည်း ရုရှားက အဆိုပြုထားတဲ့ လက်နက်ထုတ်လုပ်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ ကတော့ ဆက်လက် ဆွေးနွေးမှု တွေ ပြုလုပ်ရဦးမှာဖြစ်ပြီး၊ ဒီအစီအစဉ်ကလည်း ထိုင်းနိုင်ငံအတွက် အကျိုး ရှိမယ်လို့ သူယုံကြည်ကြောင်း ထည့် သွင်း ပြောဆိုခဲ့ပါတယ်။
ဒါအပြင် ထိုင်းနိုင်ငံအနေနဲ့ ရုရှားက လေယာဉ်တွေ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ တောမီးငြိမ်းသတ်ဖို့အတွက် ပစ္စည်းကရိယာတွေဝယ်ယူဖို့ စိတ်ဝင်စားပြီး အပြန်အလှန်အားဖြင့် ထိုင်း နိုင်ငံထွက် ဆန်နဲ့ ရာဘာ ကဲ့သို့ ပစ္စည်းတွေရောင်းချဖို့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းကဆိုပါတယ်။
လာမည့်မေလအတွင်းမှာလည်း ထိုင်းဝန်ကြီးချုပ် ရုရှားကို သွားဖို့ ရှိနေပါသေးတယ်။
ထိုင်းတပ်မတော်ဟာ လက်ရှိ အသုံးပြုနေတဲ့ အမေရိကန်လုပ် M 48 A 5 အမျိုးအစား တင့်ကားတွေနေရာမှာ အစားထိုးဖို့ ၂၀၁၁ ခုနှစ်တုန်းက ယူကရိန်းထံမှ အမေရိကန် ဒေါ်လာ သန်း ၂၄၀ တန်ဘိုးရှိ T – 84 Oplot အမျိုးအစား အစီး ၅၀ ဝယ်ယူဖို့ စာချုပ်ခဲ့ပေမယ့် ၂၀၁၅ခုနှစ်အထိ တင့်ကား တွေ ပေးပို့ဖို့ နောက်ကျနေတာ ကြောင့် အခုလို ရုရှားလုပ် ပင်မတိုက်ခိုက်ရေး တင့်ကား T-90 တွေနဲ့ အစားထိုးဖို့ ပြုလုပ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ထိုင်းတပ်မတော်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ ရုရှားနိုင်ငံက တင့်ကား စက်ရုံတွေ ကို သွားရောက်လေ့လာခဲ့ပါတယ်။
T-90 တင့်ကားဟာ T-72B အမျိုးအစားကို မွမ်းမံထားတဲ့ ရုရှားရဲ့ တတိယမြောက်မျိုးဆက် ပင်မတိုက်ပွဲဝင် တင့်ကားအမျိုးအစားဖြစ်ပြီး၊ T-90MS ကတော့ ပြည်ပကိုတင်ပို့တဲ့ T-90s အမျိုးအစားကို ပိုမိုခေတ်မီအောင် ပြုလုပ်ထားတဲ့ အင်ဂျင်ပါဝါ မြင်းကောင်ရေ ၁၁၃၀ ရှိတဲ့ တင့်ကားဖြစ်ပါတယ်။
ထိုင်းတပ်မတော်ဟာ ရုရှား၊ ယူကရိန်း၊ တရုတ်စတဲ့နိုင်ငံများရဲ့ အကူအညီနဲ့ ခေတ်မီတပ်မတော်ဖြစ် ရေး တည်ဆောက်နေရာ ပြီးခဲ့တဲ့ လဆန်းပိုင်းက ပဲ့ထိန်းစနစ်သုံး DTI 1 ဘက်စုံသုံး ဒုံးကျည် တွေကို တပ်ဆင်ခဲ့ပါသေးတယ်။