မြန်မာ့တပ်မတော် လက်နက်တွေအကြောင်း ဆွေးနွေးရေးသားတဲ့ Myanmar military Blog မှာ ရုရှားလုပ် Buk ၊Tor စတဲ့ ခေတ်မီလေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေကို တင်ဆောင်နိုင်တဲ့ MZKT6992 အမျိုး အစား ယာဉ်တစီး ဆိပ်ကမ်းမှာ သင်္ဘောချနေတဲ့ ဓာတ်ပုံဖော်ပြထားတာကြောင့် မြန်မာ့တပ်မတော်ဟာ ရုရှား လုပ် ခေတ်မီလေကြောင်းရန် ကာကွယ်ရေး ဒုံးလက်နက်တွေ ပိုင်ဆိုင်နေပြီလားဆိုတာ လေ့လာသူ များ အကြား စိတ်ဝင်တစား မေးခွန်းထုတ် သုံးသပ်နေကြပါတယ်။
ဓာတ်ပုံထဲမှာတော့ ယာဉ်အပေါ်ပိုင်းကို မိုးကာဖျင်နဲ့ အုပ်ထားပေမယ့် လေ့လာသူတွေကတော့ ဒီယာဉ်ဟာ ရုရှားလုပ် Buk ဒါမှမဟုတ် Tor တို့ Osa -1T နဲ့ T38 9K33-1T Stiletto အမျိုးအစား လေယာဉ်ပစ် ဒုံးကျည် တွေကို တင်ဆောင်တဲ့ MZKT6992 ယာဉ်ဖြစ်တယ်လို့ဆိုလိုက်ပြီး၊ Myanmar military Blog ကလည်း လေကာမှန် ၃ချပ်တပ် MZKT6992ယာဉ်နဲ့ ပတ်သက်လို့ လမ်းကြမ်းစနစ်သုံး၊ ရေဒါဖျက်ဗုံးတွေ၊ ဒုံးကျည်တွေ၊ ကလပ်စတာလို အတွဲလိုက်ဗုံးတွေကို ခံနိုင်ရည် ရှိကြောင်းစသည်ဖြင့် အသေးစိတ်ရှင်းလင်းဖော်ပြထားပါတယ်။
ဒီ MZKT 6992 ယာဉ်ပေါ်မှာ တင်ဆောင်နိုင်တဲ့ လေယာဉ်ပစ်ဒုံးကျည် Tor – M2E ဟာ လေယာဉ် တွေ၊ ရဟတ်ယာဉ်တွေ၊ မောင်းသူမဲ့လေယာဉ်တွေ၊ ခရုစ်ဒုံး ကျည်တွေ၊ စမတ်ဗုံးတွေကို ပစ်ခတ် ဖျက်ဆီးနိုင်တဲ့ တာတိုပစ်ဒုံးကျည်အမျိုးအစားဖြစ်ပြီး၊ တချိန်ထဲမှာပဲ ပစ်မှတ် ၄ခုကို ပစ်ခတ်နိုင်တဲ့ စွမ်းရည်ရှိသလို နာမည် ကျော် Buk M2E ကတော့ လောင်စာအငွေ့သုံး တာလတ်နှင့် တာဝေးပစ် လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံဖြစ်ပြီး၊ အမြင့် ကီလိုမီတာ ၃၀ ကနေ ၇၀အထက်အထိ ပစ်ခတ်နိုင်ပါတယ်။
၂၀၁၄ ခုနှစ်က ယူကရိန်းနဲ့ ရုရှားနယ်စပ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ဦးကို တင် ဆောင် ပြီး အမြင့်ပေ ၃၃၀၀၀ခန့်မှာ ပျံသန်းနေစဉ် ပျက်ကျသွားတဲ့ မလေးရှားလေကြောင်းလိုင်းက MH 17 လေယာဉ်ဟာ မြေပြင်မှ ဝေဟင်ပစ် Buk အမျိုးစား ဒုံကျည်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ကျွမ်းကျင် သူတွေက ဆိုပါတယ်။
မြန်မာ့တပ်မတော်ရဲ့ လက်ရှိစစ်ရေးပြအခမ်းအနားတွေမှာတော့ လေကြောင်းရန် ကာကွယ် ရေးဒုံးလက်နက် တွေနဲ့ ပတ်သက်ရင် S-125-2TM လို့ခေါ်တဲ့ Pechora -2M အမျိုးအစား ဒုံးကျည်တွေပဲ မြင်တွေ့ရပါတယ်။
ပြီးခဲ့တဲ့လက ကိုကိုးကျွန်းရေပြင်မှာ Combined Fleet Exercise- Sea Shield 2016 တပ်မတော်(ရေ) စစ်ရေ ယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း အမြင့်ပေ ၁၅၀၀၀ အထက်မှ ဝင် ရောက်ပျံသန်းသွားသည့် အမျိုးအမည်မသိ မြန်နှုန်းမြင့် လေယာဉ် ၃စီး ရေဒါတွင် ဖမ်းမိခဲ့ပြီးနောက် လေ ကြောင်းရန် ကာကွယ်ရေးလက်နက်များနဲ့လည်း အသင့်ချိန်ရွယ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောဆို ပါသေးတယ်။
အရှေ့တောင်အာရှနဲ့ တောင်တရုတ်ပင်လယ်ဝန်းကျင်က နိုင်ငံတွေဟာ စစ်လက်နက်ပစ္စည်းတွေ တပ် ဆင်လာရာ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံဟာလည်း အခုဆို ရုရှားနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှု ပိုမို ပြုလုပ် လာနေပြီး၊ ထိုင်း ဒုဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်ဝေါင်ဆူဝမ်ဟာ ရုရှားကို သွားရောက်ပြီး ရဟတ်ယာဉ်များ၊ တင့်ကားများ ဝယ်ယူရန်စီစဉ်နေပါတယ်။