မီးလောင်ကျွမ်းခဲ့သည့် လပွတ္တာမြို့ရှိ လူနေအိမ်များအား ပြန်လည် နေရာချထားရာတွင် လမ်းနယ်နမိတ်ပေါ်သို့ ကျူးကျော် ဆောက် လုပ်ထားသည့် နေအိမ်ပိုင်ရှင်တချို့က ၎င်းတို့၏ အဆောက်အဦများကို ဖျက်သိမ်းပေးခြင်း မရှိပါသဖြင့် ပြန်လည် နေရာချထားရေး အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
လပွတ္တာမြို့၊ မီးလောင်ပြင် ပြန်လည်နေရာချထားရေး ဥက္ကဌ ဦးညွန့်ဝေက“မီးဘေး ကာကွယ်တဲ့အနေနဲ့ မီးသတ်ကားတွေ ဝင်ထွက်နိုင် အောင် လမ်းကို နဂိုမူလအတိုင်း ပေ ၂၀ အကျယ်အဝန်းနဲ့ ကျနော်တို့ လုပ်ဆောင်ပါတယ်။ ဒါပေမယ့် တချို့အိမ်ရှင်တွေက လမ်းပေါ်ကို ၂ ပေခွဲ၊ ၃ ပေ ကျူးကျော် ဆောက်လုပ်ထားတာတွေ ရှိပြီးတော့ ဖျက်ပေးဖို့ ငြင်းဆန်နေတဲ့ အိမ်ရှင်တွေ ရှိနေတယ်။ အဲတော့ စနစ်တကျ နေရာချထားရာမှာ အခက်အခဲ ဖြစ်ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့က လပွတ္တာမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ နေအိမ်တလုံးမှ ဝါယာရှော့ခ်ဖြစ်ကာ စတင်ခဲ့သည့် မီး လောင်မှုကြောင့် လပွတ္တာမြို့၊ အမှတ် ၁၊ ၄ နှင့် ၅ ရပ်ကွက်တို့မှ လူနေအိမ် ၁၇၉ လုံးနှင့် ဈေးဆိုင်ခန်း ၂၀ မီးလောင်ခဲ့ပြီး လူပေါင်း ၇၅၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မီးလောင်မှုကြောင့် ငွေကျပ် ၃၂၇.၄၂၀ သန်း ပျက်စီးဆုံးရှုံးခဲ့ပြီး လပွတ္တာမြို့ သမိုင်းတလျှောက် အဆိုး ဝါးဆုံး မီးဘေးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
မီးလောင်မှုကြောင့် လူနေအိမ်များသာမက လပွတ္တာမြို့၏ အဓိကစီးပွားရေးဖြစ်သည့် ငါး၊ ပုစွန်၊ ဂဏန်း ရောင်းဝယ်ကြသည့် ဒိုင်ပေါင်း ၁၃၀ ကျော်မှာလည်း မီးလောင် ပျက်စီးသွားခဲ့သည်။ မီးလောင်ပြီး အချိန် ၁ လကြာသည်အထိ မီးလောင်ပြင်အား ပြန်လည် နေရာချထား ပေးနိုင်ခြင်း မရှိသေးဘဲ ရေထွက်ကုန်လုပ်ငန်းများဖြစ်သည့် ငါး၊ ပုစွန်နှင့် ဂဏန်းဒိုင်များမှာ ကမ်းနားလမ်း နေရာတချို့နှင့် မြို့တွင်းရှိ နေ အိမ်များကို ငှားရမ်း လုပ်ကိုင်နေရပြီး ဒုက္ခသည်တချို့မှာလည်း လေးထပ်ကျောင်းတိုက် အတွင်းရှိ မီးဘေးကယ်ဆယ်ရေးစခန်း၌ ခိုလှုံ နေရဆဲ ဖြစ်သည်။
“နေရာချထားပေးဖို့ အချိန်ကြာတယ်ဆိုတာက ယခင်က ဒီနေရာမှာ ရေမြောင်းတွေ၊ အိမ်တွေ၊ လမ်းတွေ စနစ်တကျ မရှိဘူး။ လမ်းတွေ ပေါ် ကျူးကျော်ထားလို့ လမ်းတွေ ကျဉ်းတယ်။ အဲဒါကြောင့် မြေပုံကြမ်းပြန်ဆွဲပြီး ရေမြောင်းနဲ့ လမ်းမကြီးတွေ၊ လမ်းသွယ်တွေ စနစ် တကျဖြစ်အောင် လုပ်ဆောင်နေတဲ့အတွက် အချိန် ပိုကြာတာပါ”ဟု မီးလောင်ပြင် ပြန်လည်နေရာချထားရေး ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဝေက ပြောသည်။
နေအိမ်ပိုင်ရှင် တချို့သည် နေရာချထားရေး ကော်မတီ၏ စီမံမှုကို မစောင့်ဆိုင်းဘဲ မိမိသဘောဖြင့် မီးလောင်ပြင်၌ နေအိမ်များ ပြန်လည် တည်ဆောက်မှုများ ပြုလုပ်ခဲ့သည့်အတွက် လပွတ္တာမြို့၊ အုပ်ချုပ်ရေးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်၍ မီးလောင်ပြင်ကို ထိမ်းသိန်းခဲ့ပြီး မတ်လ ၂ ရက်နေ့တွင် ယင်းအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
“လက်ရှိမှာ ငါး၊ ပုစွန်၊ ဂဏန်းဒိုင်တွေက မြို့ထဲကအိမ်တွေမှာ အခန်းငှား ဖွင့်နေတယ်။ ဒါပေမယ့် ကြာလာရင် ရပ်ကွက်က ငါးနံ့၊ ပုစွန်နံ့ တွေ ခံနိုင်မှာ မဟုတ်ဘူး။ မိုးတွင်းကျတော့ လုပ်ငန်းတွေက အကုန်အင်တိုက်အားတိုက် ပြန်လုပ်ရတော့မှာဆိုတော့ မိုးမကျခင် အိမ်တွေ၊ ဆိုင်တွေပြီးထားမှသာ အဆင်ပြေမယ်။ မဟုတ်ရင် ရေထွက်ကုန်လုပ်ငန်းသမားတွေ အကုန် ဒုက္ခ ရောက်ကုန်မှာ”ဟု လပွတ္တာခရိုင်၊ ငါးလုပ်ငန်း အဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးကျော်ဟန်က ပြောသည်။
မီးလောင်ပြင် ပြန်လည်နေရာ ချထားရေးစီမံချက်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရထံ တင်ပြထားပြီး တိုင်းအစိုးရက ခွင့်ပြုသည်နှင့် နေအိမ်များ ပြန်လည် တည်ဆောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မီးဘေးသင့်ဂဏန်းဒိုင်များကိုလည်း အများပိုင်မြေတွင် ယာယီ ဆိုင်ခန်းနေရာများ ပေးအပ်၍ လုပ်ကိုင်စေမည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးညွန့်ဝေက ပြောသည်။
လပွတ္တာမြို့ မီးဘေးအတွက် ပုဂ္ဂလိက အလှူရှင်များ၏ လှူဒါန်းငွေကျပ်သိန်းပေါင်း ၁၇၀၀ ကျော် လက်ခံရရှိထားပြီး နိုင်ငံတော် အစိုးရမှလည်း ကျပ်သိန်း ၁၈၀၀ လှူဒါန်းထားကြောင်း၊ ယင်းငွေများဖြင့် လမ်းများ၊ ရေမြောင်းများတည်ဆောက်သွားမည်ဖြစ်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အတွက်လည်း အသုံးပြုသွားမည်ဖြစ်ကြောင်း နေရာချထားရေးကော်မတီက ပြောသည်။