အယ်လ်နီညို ရာသီဥတုကြောင့် ယခုနှစ်နွေရာသီ ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ လူဦးရေ ၂ သိန်းခွဲ ကျော် သောက်သုံး ရေ ပြတ်လပ်မှု ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးသန်းက“ကျနော်တို့ဌာနနဲ့ ကျန်တဲ့ ဌာန ဆိုင်ရာတွေ စုပေါင်းပြီး စာရင်း ကောက်ယူထားမှုအရ ဧရာဝတီတိုင်း အတွင်းက ရွာပေါင်း ၄၄၆ ရွာလောက်ဟာ ဒီနှစ်နွေရာသီမှာ သောက်သုံးရေ ပြတ်လပ်မှု ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။
အစိုးရ ဌာနဆိုင်ရာများက ကောက်ယူထားသည့် စာရင်းများအရ ဧရာဝတီတိုင်းရှိ ကျေးရွာအုပ်စု ၁၈၆ အုပ်စုမှ လူဦးရေ ၂ သိန်းခွဲကျော် (၂၅၀,၂၃၂ ဦး)သည် ဧပြီလဆန်းပိုင်းမှ စတင်၍ ရေပြတ်လပ်မှု ကြုံတွေ့ရဖွယ်ရှိနေပြီး ရေပြတ်ချိန်၌ နေ့စဉ် ရေလိုအပ်ချက် ဂါလန် ၅ သိန်း ခန့်ရှိမည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ခန့်မှန်းထားသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်အနက် ပုသိမ်ခရိုင်အတွင်းရှိ ငပုတော၊ သာပေါင်း၊ ကျောင်းကုန်းနှင့် ရေကြည်မြို့နယ်များသည် ရေပြတ်လပ်မှု အဆိုးဝါးဆုံး ဖြစ်ပေါ်နိုင်သည့် ဒေသများအဖြစ် ကျေးလက်ဦးစီးဌာနက သတ်မှတ်ထားကြောင်း သိရ သည်။
“ရေပြတ်လပ်မှု ဖြစ်တာနဲ့ အမြန်ဆုံး ကူညီထောက်ပံ့ပေးနိုင်ဖို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်။ ရေပြတ်ပြီဆိုတာနဲ့ အဲဒီဒေသနဲ့ အနီးဆုံးမှာရှိတဲ့ ရေရနိုင်မယ့်နေရာတွေကို ကျနော်တို့ လေ့လာထားတယ်။ ရေပြတ်ချိန်မှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ အန်ဂျီအိုတွေနဲ့ ပူးပေါင်းပြီးတော့ ရေရနိုင်တဲ့ အနီးဆုံးနေရာကနေ ရေယူပြီး စက်လှေတို့ ကားတို့နဲ့ ပို့ပေးမှာပါ”ဟု တိုင်းဦးစီးမှူး ဦးစိုးသန်းက ပြောသည်။
ရေအခက်အခဲဖြစ်သည့် ကျေးရွာများအနေဖြင့် ရေမပြတ်မီ တပတ်ခန့်အချိန်မှ စတင်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များမှတဆင့် အကြောင်းကြားနိုင်ကြောင်းနှင့် သောက်သုံးရေများကို စက်လှေများ၊ ကားများဖြင့် သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထိုသို့သယ်ယူရာတွင် ကုန်ကျမည့်စက်သုံးဆီအတွက် နိုင်ငံတော်က ကျပ်သိန်း ၃၀၀ ကျော် အသုံးစရိတ် ထုတ်ပေးထားပြီး ထိုငွေများအသုံးပြု၍ ရေဖြန့်ဝေမှုများ လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
သာပေါင်းမြို့နယ်အတွင်း ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသည့် ကိုမျိုးသက်ဦးက“သာပေါင်းမှာ ရေပြတ်လပ်တဲ့အဆင့် မရောက် သေးပေမယ့် ရေရှားပါးတဲ့အခက်အခဲတွေ စဖြစ်နေပြီ။ တချို့နေရာတွေမှာ ချောင်းရေတွေခမ်းပြီး သုံးလို့မရလောက်အောင် နောက် ကျိ ကုန်ပြီ။ အဝီစိတွင်း တူးထားတာတွေကလည်း ရေသိပ်မလိုက်တော့ဘူး။ ကျနော်တို့လည်း လှူဒါန်းငွေတွေနဲ့ တတ်နိုင် သလောက် အဝီစိတွင်း လိုက်တူးပြီး ကူညီပေးနေပေမယ့် ရေအခက်အခဲဖြစ်နေတဲ့နေရာတွေ အများကြီး ကျန်နေသေးတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နွေရာသီကာလ၌ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာပေါင်း ၁၄၆ ရွာမှ လူဦးရေ ၈ သောင်းခန့် သောက်သုံး ရေ ပြတ်လပ်မှု ကြုံတွေ့ခဲ့ပြီး အစိုးရ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အန်ဂျီအိုများနှင့် ပရဟိတလူမှုရေး အသင်းများက သောက် သုံးရေများကို ကားများ၊ မော်တော်များဖြင့် သယ်ယူ၍ ကူညီလှူဒါန်းပေးခဲ့ကြသည်ကို တွေ့ရသည်။