မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့နယ်ခွဲ ရှိ မကျည်းချောင်းဝရွာ ဒေသခံ ဦးမိုး ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ကမ်းရိုးတန်းတပ် တပ်ရင်းအမှတ် ၂၈၀ မှ ဗိုလ်ကြီး ဇော်မျိုးထက် အား လူသတ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် ထားကြောင်း ခေါဇာမြို့မရဲစခန်းမှူး ရဲအုပ်ကျော်မြင့် က ဧရာဝတီသို့ အတည်ပြုပြောသည်။
လက်ရှိတွင် တပ်ဘက်မှ တာဝန်ရှိသူများက သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ဗိုလ်ကြီးဇော်မျိုးထက် အား ပြန်လည်ခေါ်ဆောင်သွားကြောင်း၊ စစ်တပ်မှ ဖြစ်သည့် အတွက် လူသတ်မှုဖြင့် အမှုဖွင့်ထားသော်လည်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်း မလုပ်ထားကြောင်း သိရသည်။
ခေါဇာမြို့မရဲစခန်းမှူး ရဲအုပ်ကျော်မြင့်က “ခေါဇာမြို့နယ်ဘက်မှာ မွန်ခွဲထွက် ဓားပြတွေက သိပ်သောင်းကျန်းတယ်။ အဲဒီဓားပြတွေကို ဖမ်းဖို့ ကမ်းရိုးတန်းတပ်က အထူးစစ်ဆင်ရေးလုပ်နေတာ။ စစ်တပ်က သတင်းရထားတဲ့ လက်ထောက်ဓားပြခေါင်းဆောင် အပေါ့ ဆိုသူကလည်း ခြေထောက်တဖက်မသန်ဘူး။ စစ်တပ်က သတင်းရထားတာက အဲဒီအချိန် မှာ အပေါ့ က လာမယ်။ ဒါကြောင့် ကင်းပုန်းဝပ်ပြီး စောင့်ဖမ်းနေကြတာ။ သေသွားတဲ့ ဦးမိုး ဆိုသူကလည်း ခြေတဖက်မသန်ဘူး။ မှောင်မှောင်မဲမဲမှာ ဗိုလ်ကြီးဇော်မျိုးထက်က ဓားပြ အပေါ့ ဖြစ်ရမယ်ဆိုပြီး လူမှားပြီး သေနတ်နဲ့ ပစ်ဖမ်းလိုက်တာလို့ သိရတယ်”ဟု ရှင်းပြသည်။
ဖြစ်စဉ်မှာ မတ်လ ၈ ရက်နေ့ ည ၁၂ နာရီ က ကမ်းရိုးတန်းတပ် တပ်ရင်းအမှတ် ၂၈၀ မှ ဗိုလ်ကြီး ဇော်မျိုးထက် ဆိုသူ က ပင်လယ်ပြင်အတွင်း ငါးဖမ်းရန် အိမ်မှ ထွက်လာသည့် အသက် ၄၈ နှစ် အရွယ်ရှိ တံငါသည် ဦးမိုး ကို လက်ထောက်ဓားပြခေါင်းဆောင် အပေါ့ ဆိုသူ နှင့် မှားယွင်းကာ ပစ်ခတ် မိရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒုတိုင်းမှူး ဗိုလ်ချုပ်ကြည်လွင်၊ ပလောက်မြို့နယ်ကမ်းရိုးတန်းတပ်ရင်းအမှတ် ၂၉၀ မှ တပ်ရင်းမှူး ဖြိုးဝေဒွေးနှင့် ဒုတပ်ရင်းမှူး အောင်ကိုဝင်း တို့က သေဆုံးသွားသည့် ကာယကံရှင် ဦးမိုး ၏ မိသားစု စားဝတ်နေရေးအတွက် ဟုဆိုကာ ထောက်ပံ့ငွေများ၊ ဆန်နှင့် စားသုံးဆီများ လာရောက်ထောက်ပံ့သွားသည်ဟု သိရသည်။
သေဆုံးသူ၏ မိသားစု ကို တပ်မတော် က ထောက်ပံ့ကြေးပေးသည့် ကိစ္စနှင့်ပတ်သက်၍ ရဲအုပ်ကျော်မြင့် က “အခုကိစ္စက စစ်ဆင်ရေးလုပ်ရာက မှားယွင်းမိတဲ့ကိစ္စဖြစ်နေတယ်။ ဒီနေ့တော့ တပ်ဘက်က တာဝန်ရှိသူတွေက ဦးမိုးရဲ့ အိမ်ကိုသွားကြတယ်ပြောတယ်။ ထောက်ပံ့ကြေးကိစ္စတွေဘာတွေတော့ မသိဘူး”ဟု ပြောသည်။
ခေါဇာမြို့နယ် အတွင်း မွန်ခွဲထွက် ဓားပြများမှာ ဒေသခံများကို မကြာခဏ အနုကြမ်းစီးခြင်း၊ ပိုက်ဆံတောင်းခြင်း၊ ဓားပြတိုက်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများ ပြုလုပ်နေရာ ရဲတပ်ဖွဲ့နှင့် တပ်မတော်က ဝိုင်းဝန်းရှာဖွေ ဖမ်းဆီးခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်နေရကြောင်း၊ ခေါဇာမြို့မ ရဲစခန်းတွင် ဓားပြတိုက်ခံသည်ဟုဆိုကာ ကာယကံရှင်များ လာရောက်ဖွင့်ထားသည့် အမှု ၅ မှုထက်မနည်းရှိနေကြောင်း ခေါဇာမြို့မ ရဲစခန်းမှ သိရသည်။