အများပိုင်နေရာများတွင် တည်ဆောက်မည့် ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်များနှင့်ပတ်သက်ပြီး နောက်အစိုးအရ လက်ထက်မှသာ ခွင့်ပြုချက် ချထားပေးသွားမည် ဆိုခြင်းကြောင့် မဏ္ဍပ်တည်ဆောက်မည့် အချိန်ကာလ၌ အခက်အခဲများ ရှိနိုင်ကြောင်း ပုဂ္ဂလိကမဏ္ဍပ် ဆောက် လုပ်သူများက ပြောဆိုသည်။
“နောက်အစိုးရလက်ထက်မှ ပါမစ်ပေးပြီဆိုတော့ လကုန်ပြီး လေးရက် ငါးရက်လောက်မှပြုံပြီး ဆောက်ရမယ်ဆိုတော့ တချို့မဏ္ဍပ် တွေမှာ မခိုင်ခံ့တော့ဘဲ ပြိုကျတာမျိုးတွေ ဖြစ်တတ်တယ်။ မတ် ၃၁ ရက်ထက် စောပေးရင်တော့ ကောင်းပါတယ်”ဟု Jade သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရေး တာဝန်ခံ ဦးခင်ထွန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရဖွဲ့က မတ်လ ၁၄ ရက်မှ စတင်ပြီး ဆောက်လုပ်ကြမည့် သင်္ကြန်မဏ္ဍပ်ပုံစံကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ရုံးများတွင် လျှောက်ထားနိုင်ရန် လျှောက်လွှာပုံစံများ ချထားပေးကြောင်း သိရသည်။
အဆိုပါ လျှောက်လွှာပုံစံများကို မြို့နယ်မှတဆင့် ခရိုင်သို့တင်ပြပြီး ထွေအုပ်ဦးစီးမှူးက ထောက်ခံလက်မှတ် ရေးထိုးပြီးနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတား ဌာနမှူးရုံးသို့ ပြန်လည်ပေးပို့ရပြီး နောက်ဆုံးအဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ အဆင့်ဆင့် တင်ပြရမည် ဖြစ်သည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ကျန်ရှိသက်တမ်းအတွင်း သင်္ကြန်မဏ္ဍပ် တည်ဆောက်ခွင့်ကို အများပိုင် နေရာများထက် ကိုယ်ပိုင်နေရာ များအား အဓိကထား စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မဏ္ဍပ်နေရာချထားရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ Myanmar Event Park ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စသည့် ကိုယ်ပိုင်နေရာများကို ခွင့်ပြုပေးထားပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အများပိုင်နေရာတွင် မဏ္ဍပ်ဆောက်လုပ်ရန် လျှောက်ထားသူ ဦးစည်သူက “အခုတင်ထားတယ် ဆိုတာက ရမရတော့မသိဘူး။ မရ ရင် အပြင်ကဝယ်ပြီး ဆောက်ရမှာပေါ့။ ဝယ်ဆောက်ရင်လည်း သိန်း လေးငါးထောင်ရှိတယ်။ ပြည်လမ်းဘက်မှာက ခြံငှားခတော့ ပေး ရမှာပေါ့။ ခြံငှားခက သင်္ကြန် ၅ ရက်ကို သိန်း ၅၀၀ လောက်ပေးရတယ်။ အဲဒီချိန်ဆို အားလုံးပြည့်နေလောက်ပြီ”ဟု ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း ယခင်နှစ်က သင်္ကြမဏ္ဍပ်နှင့် ပတ်သက်ပြီး အမည်ပျက်စာရင်းရှိထားသော လျှောက်လွှာများ ထည့်ဝင်လျှောက်ထားလာခြင်း ရှိမရှိကို စိစစ်ပြီးမှသာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရှိ သင်္ကြန်မဏ္ဍပ်နေရာချထားရေး ကော်မတီသို့ တင်ပြရခြင်း ဖြစ်ကြောင်း သိရသည်။
“မနှစ်က ပေကျော်ဆောက်တာရယ်၊ ငွေသွင်းပြီးတော့မှ မဆောက်တဲ့သူရယ် ၅ ဦးလောက်ရှိတယ်။ သူတို့ကိုတော့ Black List တော့ မသွင်းခဲ့ဘူး။ ပေကျော်တာက တော်တော်လေးကျော်လို့ သွင်းခဲ့တာ။ သူတို့က ပြန်လျှောက်လာရင်လည်း အမည်ကိုပဲ ကြည့်လို့ရ တယ်။ နောက်တမျိုးနဲ့ လျှောက်မယ်ဆိုရင်တော့ ဘယ်လို့မှ မသိနိုင်ဘူး။ စာရင်းဝင်ထားတာတွေ့ရင် လုံးဝပယ်မှာပေါ့”ဟု စည်ပင်သာယာ၊ လမ်းတံတားဌာနမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။
သင်္ကြန်မဏ္ဍပ် တည်ဆောက်မည့်သူများကို အချိန်စောစီးစွာ ပါမစ်ချထားပေးမှသာလျှင် မဏ္ဍပ်ဆောက်လုပ်ရာ၌ အချိန်ယူ၍ ဆောင် ရွက်နိုင်ကြောင်း၊ မဏ္ဍပ်ကြီးတခုကို တည်ဆောက်ရာတွင် အချိန်တလခန့် လိုအပ်ကြောင်း Jade သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရေး တာဝန်ခံ ဦးခင်ထွန်းက ပြောသည်။
“ပေးမယ်ဆိုရင် စောစောစီးစီး ပေးပါ။ နောက်ပြီးတော့လည်း မဏ္ဍပ်ဖျက်တဲ့အခါမှာလည်း ပြဿနာ တခါတက်သေးတယ်။ နှစ်ဆန်း တရက်နေ့ဆိုရင် မြန်မာလူမျိုးတွေက မဖျက်ဘူး။ ၅ ရက်ဖြစ်ဖြစ် ၆ ရက် ဖြစ်ဖြစ် ကွာပေးစေချင်တယ်။ တကယ်တမ်းက မဏ္ဍပ် တခု ကို တလလောက် အချိန်ယူ ဆောက်ရတာပါ”ဟုလည်း ၎င်းက ပြောဆိုသည်။
ယခုနှစ် သင်္ကြန်မဏ္ဍပ်များ တည်ဆောက်ခွင့်ပြုရာတွင် လိုက်နာရမည့် စည်းကမ်း ၄၄ ချက် ထုတ်ပြန်ထားပြီး သင်္ကြန်အပြီး ၅ ရက် အတွင်း သင်္ကြန်မဏ္ဍပ်များကို ဖျက်သိမ်းပေးရမည်ဖြစ်ကြောင်း၊ ၅ ရက်ကျော်ပါက တရက်လျှင် ဒဏ်ကြေး ၅ သိန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ပါဝင်သည်။
ထို့အပြင် သတ်မှတ်ပေထက် ပိုဆောက်လုပ်ထားသည့် သင်္ကြန်မဏ္ဍပ်များကို တပေတိုးလျှင် ကျပ် ၁ သိန်းနှုန်း ဒဏ်ကြေးပေးဆောင် ရမည်ဟုလည်း သတ်မှတ်ထားသည်။
လက်ရှိအချိန်၌ သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ရာတွင် အဓိကကျသည့် သစ်ဈေးနှုန်းမှာ အဆမတန် မြင့်မားနေပြီး မဏ္ဍပ် တည် ဆောက်ရာတွင် အများဆုံးအသုံးပြုသည့် သစ်အမျိုးအစားများဖြစ်သော အင်၊ ကညင် သစ်အမျိုးအစားသည် တတန်လျှင် ကျပ် ၆ သိန်း ခွဲ အထိရှိကြောင်း မဏ္ဍပ် ဆောက်လုပ်သူများက ပြောသည်။
ယခုနှစ် သင်္ကြန်မဏ္ဍပ် နေရာချထားရေး ကော်မတီက မဏ္ဍပ်ကြီးများကို ကမ္ဘာအေးဘုရားလမ်းတွင် ၉ နေရာ၊ ကန်ပတ်လမ်းများတွင် ၉ နေရာဖြင့် စုစုပေါင်း ၁၈ နေရာ သတ်မှတ်ထားကြောင်း၊ မဏ္ဍပ်အလတ်များကို ပါရမီလမ်းပေါ်တွင် ၃ နေရာ၊ ဆရာစံလမ်းတွင် ၁ နေရာ၊ စက်မှု (၁) လမ်းတွင် ၁ နေရာ စုစုပေါင်း ၅ နေရာ သတ်မှတ်ထားကြောင်း သိရသည်။