မတရားအသင်း ဆက်သွယ်မှု ဖြင့် ဖမ်းဆီး စစ်ဆေးခံရသည့် ရခိုင်တိုင်းရင်းသား ၁၂ ဦး ကို ကျောက်တော်မြို့နယ် တရားရုံး က ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
မတရား အသင်း ဆက်သွယ်မှု ပုဒ်မများဖြင့် တရားစွဲခံထားရသည့် ရခိုင်တိုင်းရင်းသား ၁၂ ဦး အနက် ၉ ဦး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ်၊ ကျန် ၃ ဦးကို ၁၇ (၁)၊ ၁၇ (၂) ပုဒ်မ ၂ ခုဖြင့် စုစုပေါင်း ထောင်ဒဏ် ၅ နှစ် စုပေါင်းကျခံရန် ကျောက်တော်မြို့နယ် တရားရုံးက မတ်လ ၃၀ ရက်တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးခင်မောင်က “ဒီနေ့မှာ အမိန့်ချမှတ်လိုက်တယ်ဆိုတာ ဟုတ်ပါတယ်။ စုစုပေါင်း ၁၂ ဦးပါ။ ထောင် ၃ နှစ် ကျတာ ၉ ဦး၊ ၅ နှစ် ကျတာ ၃ ဦးပါ ။ အဲဒီ ၅ နှစ်သမား ၃ ဦးကို ချမှတ်လိုက်တာက ပုဒ်မ ၁၇ (၁) (၂) အဲဒီ ပုဒ်မ ၂ ခုနဲ့ ချမှတ်လိုက်တာ။ တပေါင်းတည်းကျခံစေဆိုတော့ သူတို့ ၃ ဦး ထောင်ဒဏ် ၅ နှစ် ကျခံရမယ်” ဟု ဧရာဝတီကို ပြောသည်။
မတရားအသင်း အက်ဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ခံရသော ရခိုင်တိုင်းရင်းသား ၁၂ ဦးသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ကျောက်တော်မြို့နယ် ရမ်းချောင်းတောင်တန်းပေါ်တွင် ဒုတိယအကြိမ်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ပြီးနောက် ဖမ်းဆီးခံထားရသူများဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ထံက သိရသည်။
ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့် ရခိုင်တိုင်းရင်းသား ၁၂ ဦး သည် ရခိုင်ပြည်နယ် အတွင်းရှိ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များမှဖြစ်ကာ အသက် ၂၀ နှစ်နှင့် ၂၅ နှစ် ဝန်းကျင် အရွယ် လူငယ်များ ဖြစ်ကြောင်း အမှုကို ကူညီ ဆောင်ရွက်ပေးနေသည့် ကျောက်တော်မြို့နယ်ရှိ လူမှုအဖွဲ့အစည်းများထံက သိရသည်။
ကျောက်တော်မြို့နယ် ၏ မြို့မိမြို့ဖတဦးဖြစ်သူ ဦးထွန်းအေးက “ ကျနော်တို့ အနေနဲ့ အခုလိုမျိုး ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာတော့ ဘာမှ မပြောချင်ပါဘူး။ ပြောရင်လည်း ရမှာ မဟုတ်ဘူး။ သူတို့ လိုချင်တဲ့ ထွက်ဆိုချက်တွေကို ရယူထားတာလေ။ ဒါပေမယ့်လည်း ဖမ်းဆီးပြီးရင် ဥပဒေ အတိုင်း ရဲစခန်းတို့ အကျဉ်းထောင်တို့ကို ပို့ပြီး အမှုကို စစ်ဆေးစေချင်တယ်။ အခုဟာက စစ်တပ်က ဖမ်းတယ်။ စစ်တပ်က စစ်တယ်။ သူတို့လိုချင်တဲ့ အတိုင်းအတာ မရမချင်း စစ်တယ်။ ရဲစခန်းကိုရောက်တဲ့အခါ ကလေးတွေက လမ်းတောင် မလျှောက်နိုင်တော့ဘူး” ဟု ဧရာဝတီကို ပြောသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့သည် ၂၀၁၅ ခုနှစ် မတ်လနှင့် ဧပြီလအတွင်းက ပလက်ဝ မြို့နယ်နှင့် နယ်စပ်ရှိ ပီချောင်းဖျားတွင် ပထမအကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထို့နောက် ဒီဇင်ဘာလတွင် ကျောက်တော်မြို့နယ် ရမ်းချောင်းတောင်တန်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံကျေးရွာသား ၃၀၀ ကျော်သည် စစ်ရှောင်ဒုက္ခသည်များ ဖြစ်နေရကြောင်းသိရသည်။
ယင်း တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်းစုံမှ ရခိုင်တိုင်းရင်းသားအချို့ ကို မတရားအသင်း အက်ဥပဒေဖြင့် ဖမ်းဆီး ကာ တရားစွဲဆိုခဲ့ကြောင်း၊ ယနေ့အထိ ကျောက်တော်မြို့နယ် တရားရုံး ၌ အမှု ရင်ဆိုင်ဆဲ ရခိုင်တိုင်းရင်းသား ၂၄ ဦး ကျန်ရှိနေသေးကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ ထံက သိရသည်။