မန္တလေးမြို့၏ အထင်ကရနေရာတွင် ပါဝင်သော တောင်သမန်အင်း အနီးရှိ သမိုင်းဝင် မဟာဝိဇယရံသီ ပုထိုးတော်ကြီးဘုရား၏ ထီးတော် ကျိုးပဲ့ပျက်စီးနေခြင်းကို ငွေကြေး အခက်အခဲကြောင့် အသစ် တင်လှူ ပူဇော်နိုင်ခြင်း မရှိသေးဟု ဘုရားဂေါပကအဖွဲ့ က ပြောသည်။
“ပုထိုးတော်ကြီးဘုရား ထီးတော် ပြန်လည် တင်လှူနိုင်ဖို့အတွက် သိန်းနှစ်ထောင်ကျော်လောက် ကုန်ကျမှာဖြစ်လို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ ကုန်ကျစရိတ်ကများတော့ ဘုရားဂေါပကအဖွဲ့တွေ အစည်းအဝေး ထိုင်ပြီး ဆောင်ရွက်သွားမှာပါ။ အခုအချိန်ထိတော့ မလုပ်နိုင်သေးပါဘူး။ ဘုရား ဌာပနာ ပစ္စည်းတွေကတော့ အပျောက်အရှ မရှိပါဘူး”ဟု ဘုရား ဂေါပက အဖွဲ့ဝင် ဦးသောင်းတင်က ပြောသည်။
အဆိုပါ ထီးတော်ကြီးကို အများပြည်သူ ကောင်းမှုဖြင့် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၃ရက်က တင်လှူ ပူဇော်ခဲ့သော်လည်း ၂၀၁၅ခုနှစ် မေလ ၈ ရက် ညက လေပြင်း တိုက်ခတ်မှုကြောင့် ဘုရားကြီး၏ စိန်ဖူးတော် မြေပေါ်သို့ ပြုတ်ကျခဲ့ပြီး ထီးတော်ကြီးလည်း ကျိုးပဲ့ ပျက်စီးသွားကြောင်း သိရသည်။
မဟာဝိဇယရံသီ ပုထိုးတော်ကြီး ဘုရားကြီး ထီးတော် အသစ် တင်လှူပူဇော်နိုင်ရန်အတွက် ဘုရားဂေါပကအဖွဲ့၌ ရန်ပုံငွေ ကျပ်သိန်း ၇၅၀ ခန့်သာရှိသဖြင့် ငွေကြေးအခက်အခဲကြောင့် ယခုနှစ် ၁၀၄ ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် အချိန်အထိ ပြန်လည် ပူဇော်နိုင်ခြင်း မရှိသေးကြောင်း၊ သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း အကြောင်းမပြန်သေးသလို အလှူရှင်လည်း မရှိသေးကြောင်း ဂေါပက အဖွဲ့ က ပြောသည်။
အဆိုပါ ပုထိုးတော်ကြီးသည် အမရပူရမြို့နယ် တွင် အကြီးဆုံး စေတီတော် တဆူဖြစ်ပြီး အမရပူရ ခေတ်၊ ဘကြီးတော်မင်းလက်ထက် ၁၁၈၁ ခုနှစ်မှာ စတင်တည်ထားခဲ့ရာ ၁၁၈၅ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ဘုရားပွဲတော်များ ကျင်းပခဲ့ရာ ၁၉၈၈ခုနှစ် နောက်ပိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း၊ သို့သော် ထီးတော်တင်လှူခဲ့သည့် ၂၀၁၄ ခုနှစ်မှ စတင်ကာ ပွဲတော်များ ပြန်လည်ကျင်းပပေးခဲ့ကြောင်း သိရသည်။
“ကျမ အမြင်ကို ပြောရမယ်ဆိုရင် ထီးတော်ကြီး ကျိုးပဲ့ပျက်စီး နေတာကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားတယ်။ လက်ရှိအချိန်အထိ ပြန်လည် အကြောင်းပြန်ခြင်း မရှိဘူးဆိုတော့ အလှူရှင်တွေကိုပဲ အားကိုးသင့်တယ်။ ထီးတော် အသစ်မတင်နိုင်သေးဘူး ဆိုရင်လည်း ထီးတော်ကြီးကို အောက်ချထားသင့်တယ်။ အခုတော့ ထီးတော် ကျိုးပျက်နေတဲ့အတိုင်း ရှိနေတာ အမြင် မတင့်တယ်ပါဘူး။ အမှန်ဆိုရင် ဒီလို ဖြစ်ပျက်နေတာတွေကို အစိုးရအဖွဲ့ကသာ ဦးဆောင်ပေးပြီး ပြုပြင် ပေးသင့်တယ်လို့ မြင်ပါတယ်”ဟု မန္တလေးမြို့ခံ အမျိုးသားစာပေဆုရ စာရေးဆရာမ ဒေါ်ယဉ်ယဉ်နုက ပြောသည်။
ယခုနှစ်တွင် ကျင်းပမည့် မဟာဝိဇယရံသီ ပုထိုးတော်ကြီး ဘုရားကြီး၏ ၁၀၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကို မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ပွဲတော်တွင် နှစ်စဉ်ထည့်သွင်းပြုလုပ်လေ့ရှိသည့် နွားအလှပြိုင်ပွဲ၊ ဒုန်းပြိုင်ပွဲနှင့် မြင်းအလှ ပြိုင်ပွဲများကို ဧပြီ ၁ နေ့မှ စတင်၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယခုနှစ် နွားပြိုင်ပွဲတွင် နွားပျိုအရွယ် သာ ဝင်ရောက် ယှဉ်ပြိုင်ရသည့် မစိုက်တန်း ပြိုင်ပွဲကိုလည်း ထည့်သွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ပျော်ပွဲရွှင်ပွဲ အဖြစ် သွေးသစ် ဇာတ်သဘင်အဖွဲ့မှ ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း သိရသည်။