မြန်မာနိုင်ငံတွင် သစ်တောများ ပြုန်းတီးလုနီးပါး ဖြစ်နေသောကြောင့် သစ်ထုတ်လုပ်ခြင်းကို လုံးဝရပ်ဆိုင်းရန် အစိုးရ အနေဖြင့် ထုတ်ပြန်သင့်ကြောင်း University of East Anglia မှ Mr.Oliver Springate-Baginski က ပြောဆိုလိုက် သည်။
Mr.Oliver Springate-Baginski သည် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်း(ALARM) က ရန်ကုန်မြို့၊ Summit Parkview ဟိုတယ်တွင် မတ် ၃၀ ရက် က ပြုလုပ်ခဲ့သည့် တရားမဝင် သစ်ကာကွယ်တားဆီးရေး သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏ တရားဝင်နှင့်တရား မဝင် သစ်ထုတ်လုပ်ခြင်းအကြောင်းတို့ကို အသေးစိတ် ရှင်းပြရင်း ပြောကြားခြင်းဖြစ်သည်။
“သစ်တွေကို တရားဝင်ရော တရားမဝင်ရော အလွန်အကျွံ ခုတ်လှဲနေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ သစ်တောတွေ ကုန်ခမ်းနေပြီ ဖြစ်ပါတယ်။ ဈေးကွက် ရောက်လာတဲ့ သစ်တွေဟာလည်း အရည်အသွေးတွေ လျော့နေပြီဖြစ်ပါတယ်” ဟု မြန်မာ့သစ်တော၏ လက်ရှိအခြေအနေကို Mr.Oliver Springate-Baginski (University of East Anglia) က ရှင်းပြသည်။
Mr.Oliver Springate-Baginski သည် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း (ALARM) မှပြုလုပ်သည့် သစ်တောကဏ္ဍနှင့်ပတ်သက်သည့် သုတေသနစာ တမ်းတွင် ပါဝင် ရေးသားခဲ့သူ တဦး ဖြစ်သည်။
၎င်းက “သစ်တောတွေမှာ ဇီဝ ဂေဂဟစနစ်တွေ ရှိတယ်။ သူတို့က ရာသီဥတုတွေကို ထိန်းသိမ်းပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ သဘာဝအမွေအနှစ်လည်း ဖြစ်တယ်။ ခုလို လုပ်နေတာတွေဟာ နိုင်ငံ့ အမွေအနှစ်တွေကို ဖျက်ဆီးရာရောက်ပြီး ရာဇဝတ်မှု မြောက်ပါတယ်။ သစ်တောတွေကို ယခင်အတိုင်း ပြန်ဖြစ်ဖို့ဆိုရင်တော့ သစ်ထုတ်တာတွေလုံးဝရပ်ဆိုင်းပြီး လုပ်စရာရှိတာ လုပ်ကြပါ” ဟု ပြောသည်။
မြန်မာ့သစ်တော ကဏ္ဍ ပြန်လည် ကောင်းမွန်လာရေးအတွက် ကျန်ရှိနေ သေးသည့် သစ်တောဧရိယာများကို ထိန်းသိမ်းကာကွယ်သင့်ကြောင်း၊ ဒေသခံ ပြည်သူလူထုနှင့် ပူးပေါင်း၍ သစ်တော စီမံအုပ်ချုပ်မှုကို စတင် ဆောင်ရွက်သင့်ပြီး ဒေသခံပြည်သူ အစုအဖွဲ့ပိိုင် သစ်တော (CF) နှင့် အခြားသော ပူးတွဲ စီမံအုပ်ချုပ်သည့် စနစ်များကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့် ဆောင်ရွက်သင့်ကြောင်း သိရသည်။
ALARM က ထုတ်ပြန်လိုက်သည့် “တရားဝင်နှင့် တရားမဝင် သစ်ထုတ်ခြင်း” သုတေသနအစီရင်ခံစာ ၌ ၂၀၁၄ ခုနှစ် တွင် ကြိုးဝိုင်း ကာကွယ်တော ၁၇၄၀၀၀ ကီလိုမီတာအတွင်းတွင် တောကောင်း ၂၇ ရာခိုင်နှုန်း၊ တောညံ့ ၅၅ ဒသမ၂ ရာခိုင်နှုန်း၊ သစ်တောမဟုတ်သည့်ဧရိယာ ၁၄ ဒသမ ၉ ရာခိုင်နှုန်း၊ စိုက်ခင်းများ ၂ ဒသမ ၁ ရာခိုင်နှုန်းနှင့် ရေထု အစိတ်အပိုင်း များမှာ ၀ ဒသမ ၈ ရာခိုင်နှုန်း ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် စစ်အစိုးရခေတ်တွင် ရရှိခဲ့သည့် အခွင့်အရေးများ ကုန်ဆုံးတော့မည့် အခြေအနေ ရောက်ရှိလာသည့်အခါ သစ် ခိုးယူ ထုတ်လုပ်မှုသည် ၂၀၁၃- ၂၀၁၄ ခုနှစ် သစ်ထုတ်ရာသီတွင် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
“တက်လာမယ့် အစိုးရသစ်က ပြည်သူတွေ ကိုယ်တိုင် ပူးပေါင်း ပါဝင် စောင့်ကြည့်နိုင်မယ့် စနစ်တခုကို တရားဝင် ခွင့်ပြုဖို့ လိုတယ်။ ပြည်သူတွေက စောင့်ကြည့်မယ်။ စောင့်ကြည့်လို့ရလာတဲ့ သတင်းတွေပေါ်မူတည်ပြီး သက်ဆိုင်ရာ ဥပဒေ အဖွဲ့အစည်းတွေ၊ ရဲတို့ သစ်တောဌာနတို့ တခြားအဖွဲ့အစည်းတွေက နေပြီးတော့ သုံးဦးသုံးဖလှယ် ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ပိုပြီး ထိရောက်မယ်” ဟု ALARM ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက အကြံပြု ပြောဆိုသည်။
စိမ်းလန်းအမိမြေအသင်းက ဂြိုလ်တုပုံရိပ် လေ့လာသုံးသပ်မှုများ အရ ယခုအခါ မြန်မာနိုင်ငံအတွင်း ကျန်ရှိသည့် တောကောင်းမှာ ၂၃ ရာခိုင်နှုန်းကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။
မြန်မာ့သစ်တောကဏ္ဍ ပြန်လည် ဦးမော့လာရေးအတွက် ရည်ရွယ်ချက်နှင့် ကိုက်ညီသည့်ဌာန တခုဖြစ်ရန် သစ်တော ဦးစီးဌာန(FD)ကို စွမ်းဆောင်ရည် မြှင့်တင်ရန် လိုအပ်ပြီး မြန်မာ့သစ်လုပ်ငန်း(MTE)အား ဖျက်သိမ်းသင့်ကြောင်း၊ တရားဝင်သစ် (စစ်ဆေးဆောင်ရွက်သည့်) နည်းစနစ် လုပ်ငန်းစဉ်များကို ပိုမိုကောင်းအောင် ဆောင်ရွက်ရမည် ဖြစ် ကြောင်း စသည့် အချက် ၉ ချက်ဖြင့် အစီရင်ခံစာက အကြံပြုထားသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ကြား တရားမဝင် သစ်ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း ဆိုင်ရာများနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံ သဘောတူဆောင်ရွက်မည့် သဘောတူညီချက်ကို ရေးဆွဲရန် ၂၀၁၃ ခုနှစ် က သဘောတူညီချက် ရှိသော်လည်း ယနေ့အချိန်ထိ အကောင်အထည် မဖော်နိုင်သေးကြောင်း သိရသည်။