ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်သစ်က စီးပွားဖြစ်ဆောက်လုပ်မည့် ကမ္ဘာအေးလမ်းနှင့် ကန်ပတ်လမ်းတလျှောက် မဏ္ဍပ် များကို ခွင့်မပြုတော့ဘဲ ကိုယ်ပိုင်ခြံဝင်းရှေ့တွင် တည်ဆောက်ရန် တင်ပြထားသည့် မဏ္ဍပ်များကိုသာ စိစစ်ပေးသွားမည်ဟု ရန်ကုန်သင်္ကြန်မဏ္ဍပ်နေရာချထားရေးကော်မတီ အဖွဲ့ဝင်၊ YCDC လမ်းတံတားမှ ဌာနစုမှူး ဦးသန်းဟုတ်က ပြောသည်။
“ဝန်ကြီးချုပ်က မြန်မာရိုးရာသင်္ကြန်မဏ္ဍပ်ကို သင်္ကြန်နဲ့အညီ ကိုယ်ပိုင်ခြံတွေရှေ့မှာ ခွင့်ပြုမယ်လို့ ပြောတယ်။ ကမ္ဘာအေး ဘုရားလမ်းတို့ ကန်ပတ်လမ်းတို့မှာ စီးပွားရေးဆန်ဆန်လုပ်နေတဲ့ မဏ္ဍပ်တွေကို လုံး၀ မပေးတော့ဘူး။ ကိုယ်ပိုင်ခြံရှေ့ မှာ ဆောက်မယ့်မဏ္ဍပ်လျှောက်လွှာတွေကို စီစစ်မယ်ဆိုပြိး ပြောတယ်” ဟု ၎င်းက ပြောသည်။
ယခင်အစိုးရလက်ထက်တွင် တင်ပြထားသည့် မဏ္ဍပ်လျှောက်လွှာများမှာ ကမ္ဘာအေးနှင့် ကန်ပတ်လမ်းနေရာများအတွက် မဏ္ဍပ်လျှောက်လွှာ ၃၀၀ ကျော်နှင့် ကိုယ်ပိုင်ခြံဝင်းရှေ့တွင် တည်ဆောက်ရန် မဏ္ဍပ် ၁၆ ခု ရှိခဲ့ပြီး ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်အသစ်ထံ ကိုယ်ပိုင်ခြံဝင်းရှေ့ ဆောက်လုပ်မည့် မဏ္ဍပ် ၁၆ ခုကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
“အရင် အစိုးရလက်ထပ်မှာ တင်ထားတဲ့ လျှောက်လွှာ မှာ ကိုယ်ပိုင်ခြံဝင်းရှေ့ဆောက်မယ့်မဏ္ဍပ်က ၁၆ ခုရှိတယ်။ ကမ္ဘာအေးဘုရားလမ်းတို့ ကန်ပတ်လမ်းတို့ လျှောက်လွှာ ၃၀၀ ရှိတယ်။ ဘယ်သူကိုမှ မချပေးထားရသေးဘူး။ အခု လျှောက်လွှာ ၃၀၀ က ပယ်ဖျက်တဲ့အထဲ ပါသွားပြီ။ သူတို့ဆီက လျှောက်လွှာပဲ လက်ခံထားတာပါ။ အာမခံငွေယူထားတာ မရှိပါဘူး” ဦးသန်းဟုတ်က ပြောသည်။
ထိုပြင် မဏ္ဍပ်များအတွက် တင်ရမည့် အာမခံစပေါ်ငွေ၊ စည်းကမ်းသတ်မှတ်များကိုလည်း တိုင်းအစိုးရဖွဲ့သို့ တင်ပြထား ကြောင်း၊ လျှောက်လွှာလက်ခံခြင်းကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးသည့် ဧပြီလ ၁ ရက်နေ့မှစ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လက်ခံဆောင်ရွက်ခြင်း မရှိတော့ကြောင်း သိရသည်။
“အာမခံစပေါ်ငွေကိုတော့ တိုင်းဒေသကြီးက ဘယ်လို လုပ်ဦးမလဲ မသိသေးဘူး။ လောလောဆယ်တော့ ကျနော်တို့က ပထမထုတ်ထားတဲ့ စည်းကမ်းချက် ၄၄ ချက်ပဲ မူရှိတယ်လို့ တင်ပြထားတယ်။ စည်းကမ်းချက်နဲ့ပတ်သက်လို့ ဘာမှ ဝေဖန်တာ မရှိသေးဘူး”ဟ ရန်ကုန်မြို့တော်စည်ပင်သာယာ ကော်မတီ လမ်းတံတားဌာနမှ ဌာနစုမှူး ဦးသန်းဟုတ်က ပြောသည်။
ယင်းကဲ့သို့ မဏ္ဍပ်နေရာချထားရေးကိစ္စများ ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ကြိုတင်လက်မှတ်ရောင်းချထားသည့် မဏ္ဍပ်များတွင် အခက်အခဲရှိခဲ့ပြီး၊ ယခုအခါ ပြည်လမ်းပေါ်ရှိ ကိုယ်ပိုင်ခြံဝန်းများကို ဌားရမ်းပြီး မိသားစုမဏ္ဍပ်ပုံစံ ဆောက်လုပ်ရန် ညှိနှိုင်းခြင်းများ ပြုလုပ်၍ ကြိုတင်ရောင်းချထားသည့်မဏ္ဍပ်လက်မှတ်များကို အစားထိုးပေးနိုင်ရန် ပြန်လည် စီစဉ်နေရကြောင်း မဏ္ဍပ်တည်ဆောက်မည့်အဖွဲ့တခုမှ သိရသည်။
နှစ်စဉ်မဏ္ဍပ်လုပ်သည့် ကိုစည်သူကလည်း “ကျနော်တို့က ဒီနှစ် မဆောက်ဖြစ်တော့ဘူး။ သူတို့က အများပိုင်နေရာတွေကို မပေးတော့ဘူး။ တခြားလူတွေက ပြည်လမ်းဘက်မှာ သွားပြီးတော့ ခြံတွေကို သွားငှားကျတယ်။ အခုဆိုရင် ခြံဌားခက သြက်န် ၅ ရက်စာကို သိန်း ၁၀၀၀ သိန်း ၁၅၀၀ လောက် ရှိတယ်။အခုက ပြည်လမ်းတလမ်းပဲနေရာက ရှိတော့တာ အဲဒီတလမ်းပဲ သွားဌားကြတာပေါ့”ဟုပြောသည်။
မဏ္ဍပ်တွင် ကစားမည့်သူတဦးကလည်း “ လက်မှတ်အတွက် သူတို့က အစားပြန်ပေးတာမျိုး လုပ်ပေးမယ်လို့တော့ ပြောတယ်။ မိသားစုမဏ္ဍပ်ဆိုရင် သူလူနဲ့သူဖြစ်နေတယ်။ ၁၀ ယောက် ၁၅ ယောက်လောက် နဲ့တော့ ကိုယ်အိမ့်မှာ ရေပုံးချ ဆော့တော့မယ်။ ထိခိုက်တာက လက်မှတ် ကြိုတင်ရောင်းထားတဲ့သူတွေပေါ့” ဟု ဆိုသည်။
ယခင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သင်္ကြန်မဏ္ဍပ်နေရာချထားရေးကော်မတီက သတ်မှတ်ခဲ့သည့် ကမ္ဘာအေး ဘုရားလမ်းနှင့် ကန်ပတ်လမ်းနေရာတွင် ၉ နေရာစီ မဏ္ဍပ်ကြီးစုစုပေါင်း ၁၈ နေရာ နှင့် ပါရမီလမ်းတွင် ၃ နေရာ၊ ဆရာစံလမ်းတွင် ၁ နေရာ၊ စက်မှု ၁ လမ်းတွင် ၁ နေရာ စုစုပေါင်း ၅ နေရာ များကို လုံး၀ ပယ်ဖျက်လိုက်ပြီဖြစ်သည်။