ဧပြီလ ၅ ရက်နေ့ညတွင် စစ်ကိုင်းတိုင်း ကလေးမြို့၌ လေပြင်းများတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံတဦး သေဆုံးကာ ဒါဇင်နှင့်ချီသော နေအိမ်များ ပျက်စီးခဲ့သည်။
ကလေးမြို့တွင် အသက် ၂၉ နှစ်အရွယ် ဦးမင်းသုဝေသည် သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း ရဲစခန်းမှ သိရသည်။
“လေပြင်းတွေ တိုက်လာတဲ့အချိန် သူနဲ့ သူ့သူငယ်ချင်းတို့ အိမ်ပြန်တဲ့လမ်းမှာဖြစ်တာ။ သူ့သူငယ်ချင်းအာကာဟိန်းကတော့ အသက်ရှင်တယ်။ သူကတော့ နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတယ်။ ဘာလို့လည်းဆိုတော့ သစ်ပင်က ခေါင်းပေါ်ကို တိုက်ရိုက်ကျလာတာ”ဟု ကလေးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးကပြောသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အရေအတွက်ကို စိစစ်နေဆဲဖြစ်ကြောင်း ရဲစခန်းက ပြောသည်။
“အနည်းဆုံး နေအိမ်အလုံး ၅၀ လောက် ထိခိုက်တယ်လို့ ထင်ပါတယ်။ အတည်ပြုနေတုန်းဖြစ်တဲ့အတွက် အရေအတွက် အတိအကျကို မထုတ်ပြန်နိုင်သေးပါဘူး”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ဒေသခံများ၏ ပြောဆိုချက်အရ ၁၅ မိနစ်ခန့်ကြာ လေပြင်းများ တိုက်ခိုက်ခဲ့ရာ မြို့လည်ကောင်တွင် အပျက်အစီးများဖြင့် ကျန်ရစ်ခဲ့ကြောင်း သိရသည်။
“လမ်းပေါ်မှာလည်း သစ်ပင်ကျိုးတွေနဲ့ ပြည့်နေပြီးတော့ အိမ်ခေါင်မိုးတွေလည်း လွင့်ကုန်တယ်။ သစ်ပင်တွေ ကျိုးတဲ့အချိန်မှာ လျှပ်စစ်မီး ဖြတ်လိုက်တဲ့အတွက် မြို့ထဲမှာ မီးမလာပါဘူး” ဟု ဒေသခံတဦးဖြစ်သူ ဦးအောင်သူထွန်းက ပြောသည်။
မုတ်သုံရာသီဥတု မိုးရွာသွန်းမှုကြောင့် ဒေသတွင်းတွင် လူဦးရေ ထောင်ပေါင်းများစွာနှင့် တနိုင်ငံလုံးတွင် သန်းပေါင်းများစွာ ထိခိုက်ခဲ့သော ပြီးခဲ့သည့်နှစ် ရေကြီးမှု ဖြစ်ပွားခဲ့ပြီးနောက် ယခုအပတ်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုမှာ ၎င်းတို့ကြုံတွေ့ခဲ့ရသော ဒုတိယအကြီးဆုံး သဘာဝဘေးအန္တရာယ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။