နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)နှင့် ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆို အရေးယူ ခံထားရသူများကို အမှုများ ရုပ်သိမ်း၍ ပြန်လည် လွှတ်ပေးရန် စီစဉ်နေကြောင်း သိရှိရသည်။
သက်ဆိုင်ရာ တရားရုံးများ၏ သဘောတူညီချက်ဖြင့် စိစစ်ပြီး အမှုရုပ်သိမ်းနိုင်ရန်လည်း ယနေ့ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ထွန်းမင်းက ဧရာဝတီသို့ ပြောသည်။
ရဲမှူးကြီး ထွန်းမင်းက“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ညွှန်ကြားချက်အတိုင်း အကျူံးဝင်သူအားလုံးကို လွှတ်ပေးဖို့ စီစဉ်မှာပါ။ ကျ နော်တို့က စိစစ်ပြီး တင်ပြသွားမှာ။ ဒီနေ့နဲ့ မနက်ဖြန်မှာ ထွေ/အုပ် အပါအဝင် ဌာနပေါင်းစုံ ညှိနှိုင်းပြီးတော့ နောက်တပတ် တနလာၤနေ့ လောက်ဆိုရင်တော့ စတင်နိုင်တော့မှာပါ”ဟုလည်း ပြောဆိုသည်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခံထားရပြီး စီရင်ချက်မချရသေးသော အမှုများကို တရားရုံး၏ သဘော တူညီချက်ဖြင့် ရုပ်သိမ်းနိုင်သဖြင့် ယင်းနည်းလမ်းကို အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၁ အရ တရားလိုပြုလုပ်၍ တရားစွဲဆိုခံထားရ သူတို့၏ အမှုများကို တနိုင်ငံလုံး အတိုင်းတာဖြင့် ပြန်လည် စိစစ်နေသည်ဟုလည်း ဆိုသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် ဧပြီ ၈ ရက်နေ့က တိုင်းဒေသကြီး ၄ ခုရှိ အမှုပေါင်း ၈၈ မှုမှ လူပေါင်း ၁၉၉ ဦးကို အမှုရုပ်သိမ်း၍ လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ သင်္ကြန်ပိတ်ရက်ခံသွားသဖြင့် ကျန်ရှိသည့်အမှုများကို ယနေ့ ဆက်လက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ တနိုင်ငံလုံးတွင် နိုင်ငံရေးအမှုပေါင်း ၂၅၀ ခန့်ရှိနေပြီး ထိုအမှုများတွင် ပုဒ်မ ၅၀၅(ခ)နှင့် ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆိုခံ ထား ရသည့် အမှုများသည် အများဆုံးဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ အတွင်းရေးမှူး ဦးထွန်းကြည်က ပြောပြသည်။
“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ ထုတ်ပြန်ချက်တွေကြောင့် သူတို့တွေ လွတ်လာတော့မယ်ဆိုတာ မျှော်လင့်ပြီးသား။ အနှေးနဲ့ အမြန်တော့ လွတ်လာကြမယ်။ ဒါပေမယ့် ဘယ်ပုံစံနဲ့ လွှတ်မလဲဆိုတာကို စောင့်ကြည့်နေတယ်။ ကာ/လုံရဲ့ သဘောတူညီချက် လိုတဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကတော့ မလာသေးဘူး”ဟုလည်း ဦးထွန်းကြည်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) တို့အရ နိုင်ငံတော် သမ္မတ က ပြစ်ဒဏ် ကျခံနေရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(ခ) အရ နိုင်ငံတော် သမ္မတ သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ(ကာ/လုံ)၏ ထောက်ခံချက်ဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေး ပိုင်ခွင့် ရှိသည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ မည်သည့် အစိုးရရှေ့နေမဆို စစ်ဆေးစီရင်သော ပြစ်မှုများတွင် လူတယောက်ကို စွဲဆို ထားသောအမှုမှ စီရင်ချက်မချမီ ပြစ်မှုတရပ်ရပ်ဖြင့်ဖြစ်စေ၊ ပြစ်မှုအများဖြင့်ဖြစ်စေ တရားရုံး၏ သဘောတူညီချက်ဖြင့် ရုပ်သိမ်းနိုင်ကြောင်းလည်း သိရသည်။
ဧပြီလ ၁၇ ရက်နေ့ (နှစ်ဆန်း တရက်နေ့) ကလည်း ဒုတိယ အကြိမ်မြောက်အဖြစ် နိုင်ငံရေး အကျဉ်းသား ၈၃ ဦးကို အကျဉ်းထောင် ၂၅ ခုမှ ထပ်မံ လွှတ်ပေးခဲ့ကြောင်း သမ္မတရုံး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ယင်း ၈၃ ဦးတွင် နိုင်ငံရေး အကျဉ်းသား ၆၃ ဦးသာ ပါရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကပြောသည်။
အစိုးရသစ်လက်ထက် ၂ ကြိမ်လွှတ်သည့် အကျဉ်းသားပေါင်း ၂၈၂ ဦးရှိသွားပြီ ဖြစ်သည်။
AAPP ကမူ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၂၁ ဦး ရှိပြီး အမှုရင်ဆိုင် နေရ ဆဲ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၄၁၄ ဦး ရှိရာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၅၃၅ ဦး ရှိကြောင်း စာရင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် လွတ်ရန် ကျန်နေသော နိုင်ငံရေး အကျဉ်းသားပေါင်း ၂၅၃ ဦး ရှိသေးကြောင်း AAPP က ပြောသည်။
ထိုသို့ ပုဒ်မ ၁၈၊ ၅၀၅(ခ)တို့ဖြင့် လွတ်မြောက်လာမည့်သူများကို ကြိုဆိုသော်လည်း အီလက်ထရွန်နစ် ပုဒ်မများဖြင့် ဖမ်းဆီးထောင်ချခံ ထားရသူများ၊ ပုဒ်မ အမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသည့် လယ်သမားများကိုလည်း အမြန်ဆုံး လွှတ်ပေးသင့်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
“အစိုးရသစ်လက်ထက်မှာ တိုင်းသစ်ပြည်သစ် အကုန်အသစ်ဖြစ်ဖို့ နိုင်ငံရေးမှုနဲ့ ကျခံနေရသူတွေ တယောက်မှ ရှိမနေသင့်တော့ပါဘူး”ဟုလည်း ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပုဒ်မ ၁၈ ပါဝင်သည့်“ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ”ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
သူဇာ ပူးပေါင်း ရေးသားသည်။