ရခိုင်ပြည်နယ်မြို့တော် စစ်တွေအနီး သဲချောင်းရွာနားတွင် အင်္ဂါနေ့က လှေတစင်း တိမ်းမှောက်ခဲ့ရာ ကလေးငယ် ၁၀ ဦးအပါအဝင် လူ ၁၈ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။ ၁၉ ဦးမှာ အသက်ရှင်ကျန်ကြောင်းလည်း သိရသည်။
စစ်တွေမြို့ ရဲတပ်ဖွဲ့မှ ရဲအရာရှိ အေးခင်မောင်၏အဆိုအရ လှေမှာ ပေါက်တောဒုက္ခသည်စခန်းမှ ထွက်ခွာလာခဲ့ပြီး စစ်တွေမြို့တွင် ဈေးဝယ်ရန်ဖြစ်သည်ဟု ဆိုသည်။ သူက ခရီးသည်များကို “ဘင်္ဂါလီ”ဟု ခေါ်ဝေါ်သုံးစွဲသည်။
ရဲမှူး အေးခင်မောင်က သေဆုံးသူများမှာ ကလေးငယ် ၁၀ ဦး၊ အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၁ ဦးဖြစ်ကြောင်း၊ လှေတွင် လူ ၄၉ ဦးပါလာခဲ့ပြီး ၁၂ ဦးမှာ ပျောက်ဆုံးနေသေးကြောင်း ဆိုသည်။
သို့ရာတွင် နယ်မြေခံရဲတပ်ဖွဲ့နှင့် ဒေသခံများ၏ ပြောကြားချက်များ ကွဲလွဲနေပါသည်။
သဲချောင်းရွာနေ အသက် ၅၄ နှစ်ရှိ ကမန်တိုင်းရင်းသား မွတ်စလင်တဦးဖြစ်သူ ကိုလှဝင်းက သေဆုံးသူ ၂၂ ဦးထိ ရှိကြောင်း ဆိုသည်။ သေဆုံးသူအများစုမှာ ကလေးငယ်နှင့် အမျိုးသမီးများ ဖြစ်ကြောင်း ပြောသော်လည်း အသေးစိတ် မပြောနိုင်ပါ။ သို့သော် ကိုလှဝင်းက လှေပေါ်တွင် ၇၅ ဦးပါပြီး တဝက်ခန့် ပျောက်ဆုံးနေကြောင်း ဆိုသည်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိုနှိုင်းရေမှူးရုံးမှ Janet Jackson က လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူအနည်းဆုံး ၆ဦးမှာ စစ်တွေဆေးရုံနှင့် သက္ကယ်ပြင်ဆေးခန်းတွင် ဆေးကုသမှုခံယူနေရကြောင်း ဆိုသည်။ ကုလသမဂ္ဂနှင့် အန်ဂျီအို ဝန်ထမ်းများသည်လည်း ထိခိုက်ဒဏ်ရာရသူများအား ပို့ဆောင်ရာတွင် အကူအညီဆောင်ရွက်ခဲ့ပြီး သက္ကယ်ပြင်ဆေးခန်းကို ဆေးဝါးများ ထောက်ပံ့ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တခုတွင် ပြောခဲ့သည်။
“အဲဒီ စက်လှေနစ်မြှုပ်မှုက ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်းတွေနဲ့ မိသားစုတွေ ရင်ဆိုင်နေရတဲ့ ကူကယ်ရာမဲ့ အနေအထားကို ပြလိုက်တာပါပဲ။ အဲဒီဒေသမှာ ခရီးသွားဖို့ ဈေးဝယ်ဖို့ အသက်မွေးဝမ်းကြောင်းလုပ်ဖို့ဆိုရင် ရေကြောင်းခရီးပဲ ရွေးချယ်ခွင့်ရှိတယ်” ဟု Janet Jackson က ပြောသည်။