အစိုးရ တပ်မတော်က ဆုတ်ခွာပေးရန် အကြောင်းကြားစာ ပေးပို့ထားသော ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ် အတွင်းရှိ ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP/SSA) ၏ တပ်စခန်းများကို ဆုတ်ခွာပေးမည် မဟုတ်ကြောင်း SSPP/SSA အဖွဲ့က ပြောသည်။
တန့်ယန်းမြို့နယ်အတွင်း သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ လွယ်စေးနှင့် လွယ်လန်းတောင်ပေါ်ရှိ SSPP/SSA တပ်စခန်းများကို ဧပြီ ၂၂ ရက်နောက်ဆုံးထား ဆုတ်ခွာပေးရန် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဧပြီ ၁၉ ရက်က SSPP/SSA ဗဟိုဌာနချုပ်သို့ အကြောင်းကြားစာကို ပေးပို့ခဲ့မှုနှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်းခဲ့သည့်အပေါ် SSPP/SSA အဖွဲ့တာဝန်ရှိသူ တဦးက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
“အခုဆုတ်ခိုင်းတဲ့ နေရာက တန့်ယန်းနဲ့ “ဝ” ပြည်နယ်စပ်နားလေးက SSPP ဌာနချုပ်ခွဲ နေရာပါ။ ဆုတ်ဖို့တော့ စိတ်ကူးမရှိဘူး။ အဲဒီနေရာမှာ SSPP နေလာတာကြာပြီ”ဟုလည်း ၎င်းက ပြောသည်။
SSPP/SSA ၏ တပ်စခန်းများကို မဖယ်ပေးပါက အစိုးရတပ်မတော်က စစ်ကြောင်းများ ချီတက်လာပြီး နှစ်ဘက်တပ်ဖွဲ့အကြား တိုက်ပွဲ များ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ၎င်းတို့ဘက်က တပ်ဖွဲ့များကို သတိနှင့် စောင့်ကြည့်ပြင်ဆင်ထားရန် မှာကြားထားကြောင်းလည်း အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းကျော်ညွန့် ကလည်း လက်ရှိ အချိန်၌ တပ်မတော်က ဖယ်ရှားခိုင်းသည့်နေရာများသည် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တပ်စခန်းနေရာများ ဖြစ်ခြင်းကြောင့် ဖယ်ပေးလိမ့်မည် မဟုတ်ကြောင်း ပြောဆိုသည်။
“သံလွင်မြစ် အရှေ့ဘက်ခြမ်းက စစ်ရေးအရ အရေးကြီးတဲ့နေရာ ဖြစ်နေတယ်။ ဟိုဘက်မှာရှိနေတဲ့ တိုင်းရင်းသားတပ်တွေ (UWSA) ကလည်း ဒီလိုလက်ခံချင်မှာ မဟုတ်ဘူး”ဟုလည်း ဦးစိုင်းကျော်ညွှန့်က ဆိုသည်။
လက်ရှိတွင် တပ်မတော်က ဖယ်ရှားရန် ပြောဆိုနေသည့် SSPP/SSA ၏ တပ်စခန်းများမှာ သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် စခန်းများချထားခြင်းဖြစ်ပြီး ၎င်းတို့နှင့် တဖက်ခြမ်း သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ တပ်ဖွဲ့များ ရှိနေကြောင်း သိရသည်။
ထို့ကြောင့် SSPP/SSA ဖယ်ပေးလိုက်ပါက UWSA တပ်ဖွဲ့များနှင့် စစ်ကြောင်းများ မျက်နှာချင်းဆိုင် ဆုံတွေ့နိုင်ပြီး SSPP/SSA က မဖယ်ပေးပါက SSPP/SSA အဖွဲ့နှင့် အစိုးရတပ်မတော်ကြား စစ်ရေးတင်းမာလာနိုင်သည့် အနေအထားရှိနေကြောင်း ဦးစိုင်းကျော်ညွှန့် က ပြောသည်။
SSPP/SSA အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။
UWSA အဖွဲ့သည် ယခင်စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော်လည်း နှစ်ဘက်အဖွဲ့အကြား စစ်ရေးတင်းမာမှုများ ရံဖန်ရံခါ ဖြစ်ပွားလျက်ရှိသည်။
SSPP/SSA အဖွဲ့နှင့် UWSA အဖွဲ့တို့သည် မြောက်ပိုင်းမဟာမိတ် အဖွဲ့များထဲတွင် ပါဝင်သည်။
အစိုးရတပ်မတော်နှင့် SSPP/SSA တို့ကြား ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၆ ရက်က စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် SSPP/SSA အဖွဲ့၏ ဝမ်ဟိုင်းဌာနချုပ် တည်ရှိရာအနီးရှိ မိုင်းရှုး၊ မိုင်းနောင်မြို့နယ် အတွင်းတွင် စစ်ဘေးရှောင်ဒုက္ခသည် တသောင်း ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။