ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA)နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်ပတ် ကျော်ရှိလာပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသောကြောင့် ဒေသခံများ နေရပ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ခိုလှုံနေရကြောင်း သတင်း ရရှိသည်။
ယင်းတိုက်ပွဲ ဖြစ်ပွားနေသော နေရာများမှာ ဘူးသီးတောင် နှင့် ရသေ့တောင်မြို့နယ် နယ်စပ် လောရမတောင်တန်း၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်း မြို့နယ် နယ်စပ် နတ်သရွေး တောင်ကြောများတွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လောရမတောင်တန်း တိုက်ပွဲနှင့် နီးစပ်သည့် နတ်ကျောက်ကျေးရွာမှ ဒေသခံ ၆၇ ဦးနှင့် အဘုကျေးရွာမှ ဒေသခံ ကျေးရွာသား ၃၆ ဦးတို့သည် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ကျေးရွာတွင်မနေရဲတော့ဘဲ ပဲသတူချောင်း ကျေးရွာသို့ ခိုလှုံရောက် ရှိနေကြောင်း ဒေသခံ ကျေးရွာသားများက ပြောပြသည်။
ရသေ့တောင်မြို့နယ် ပဲသတူချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သန်းလှိုင်က “ဖြစ်နေတုန်းပဲဗျ။ အရင်နေ့တွေကတော့ လက်နက်ငယ် အသံတွေပဲ ကြားရတယ်။ မနေ့ကတော့ တစ်နေ့ကုန် လက်နက်ကြီးအသံရော၊ လက်နက်ငယ် အသံပါကြားရတယ်။ အထက်ပိုင်းက ရွာသားတွေ မနေရဲတော့ ဒီနေ့ မနက်ပိုင်းကပဲ ကျနော်တို့ ရွာကို ရောက်နေကြတယ်။ စားသောက်စရာလည်း ဘာ မှ ပါမလာကြဘူး။ သူတို့အတွက် စာသင်ကျောင်းမှာ လောလောဆယ် နေရာထိုင်ခင်း စီစဉ်ပေးထားတယ်”ဟု ဧရာဝတီသို့ ပြော သည်။
အဆိုပါ ရသေ့တောင်မြို့နယ် ပဲသတူချောင်း ကျေးရွာအုပ်စုသို့ ခိုလှုံလာသော မိသားစုဝင်များတွင် အမျိုးသမီးနှင့် ကလေးသူငယ် အများအပြား ပါဝင်လာပြီး ၎င်းတို့သည် ရခိုင်မျိုးနွယ်စုဝင် ခမီတိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။
ယင်း စစ်ဘေးဒုက္ခသည်များ ခိုလှုံရောက် ရောက်ရှိနေသော ပဲသတူချောင်း ကျေးရွာသည် ရသေ့တောင်မြို့နှင့် ၁၅ မိုင်ခန့် ဝေးပြီး
လက်ရှိတွင် စစ်ဘေးဒုက္ခသည်များ အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လက်ရှိကြောင်း အကူအညီပေးနေသူများက ပြော သည်။
လက်ရှိအချိန်တွင် အဆိုပါ ပဲသတူ ကျေးရွာသို့ ရောက်ရှိနေသည့် စစ်ရှောင် ဒုက္ခသည်များအား ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သွားရောက် ကူညီပေးနေကြောင်း သိရသည်။
ဒေါ်ခင်စောဝေက“ကျမတို့ အဲဒီပဲသတူ ရွာကိုပဲ ရောက်နေပါတယ်။ သူတို့ လိုအပ်နေတဲ့ ရိက္ခာဆန်တွေကိုလည်း နိုင်သလောက် ကူညီပေးနေပါတယ်။ ကျမတို့ကို ရွာသားတွေ ပြောပြတာက မနေရဲတော့လို့ ထွက်ပြေးလာတာလို့ ပြောတယ်။ ရွာသားတွေ လည်း စစ်တပ်က ခေါ်ယူတာတွေ ရှိတယ်။ သူတို့ကတော့ လမ်းပြဆိုပြီး ခေါ်သွားတာ။ အခုထိ ပြန်မရာက်တဲ့ လူတွေလည်း ရှိတယ်။ ပြန် ရောက်တဲ့ သူတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် အစိုးရမှာ တာဝန်ရှိတဲ့အတွက် ဒီလို ဒေသခံတွေ ဒုက္ခဖြစ်နေတာကိုတော့ ကျမတို့ အထက်တင်ပြရမယ်”ဟု ဧရာဝတီကို ပြောသည်။
ဘူးသီးတောင်မြို့နယ် နှင့် ရသေ့တောင် မြို့နယ် နယ်စပ်ဒေသ တစ်ခုဖြစ်သည့် နတ်အိုင်ကျေး ရွာသား ၂၆၀ သည်လည်း ဘူးသီး တောင်မြို့နယ် စည်တော်ကျေးရွာအတွင်းသို့ ခိုလှုံရန် ရောက် ရှိနေကြောင်းလည်း သိရသည်။
တိုက်ပွဲကြောင့် ဒေသခံ ကျေးရွာသားများ နေရပ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ဝင်ရောက်မှုများ တစ်နေ့ထက် တစ်နေ့ များပြား လာ သကဲ့သို့ တပ်မတော်က လမ်းပြအဖြစ် ခေါ်ယူခြင်း ခံရသူများလည်း အများအပြားရှိလာပြီ ဖြစ်ကြောင်း တပ်မတော်၏ ခေါ်ဆောင်ခြင်းခံရသူ မိသားစုဝင်များက ပြောဆိုကြသည်။
နတ်ကျောက် ရွာသား ၄ ဦးနှင့် အဘုရွာမှ ရွာသား ၃ ဦး စုစုပေါင်း ၇ ဦးတို့ကို လမ်းပြအဖြစ် ခေါ်ဆောင်သွားရာ မိသားစုထံ ပြန် မရောက်သေး၍ စိုးရိမ်မှုများ ဖြစ်နေကြကြောင်း ပဲသတူချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သန်းလှိုင်က ပြောပြသည်။
ထို့အပြင် ဧပြီ ၂၀ ရက်နေ့က ရသေ့တောင်မြို့နယ် ရေစိုးချောင်း ကျေးရွာမှ ရွာသား ၇ ဦး တပ်မတော်က ခေါ်ဆောင်သွားရာ ယနေ့အထိ ရွာသို့ ပြန်မရောက်သေးကြောင်း ခေါ်ဆောင်ခံရသူ ဦးကြွင်းကျန်အောင် ဆိုသူ၏သားဖြစ်သူ ကိုထွန်းနေစိုးကလည်း ပြော သည်။
ကိုထွန်းနေစိုးက“ကျနော့်အဖေက အသက်လည်းကြီးပြီ ဆန်အိတ်တွေလည်း ထမ်းနိုင်မှာ မဟုတ်တော့ဘူး။ နွားကျောင်းနေရင်း စစ်တပ်က ခေါ်သွားတာ။ တခြားလူတွေလည်း ဒီအတိုင်းပဲ တချို့ဆိုရင် တိုက်ပွဲဖြစ်လို့ တောထဲကိုမသွားရဲတော့ ချောင်းထဲကို ငါးရှာဖို့သွားရင်း စစ်တပ်က လူကို မြင်တာနဲ့ တစ်ခါတည်း ခေါ်တော့တာပဲ။ ကြောက်တဲ့အတွက် ဘယ်သူမှ မလိုက်ဘဲ မနေရဲဘူး။ လိုက်ခဲ့ဆိုရင် လိုက်ရတာပဲ”ဟု ပြောဆိုသည်။
ရက္ခိုင့်တပ်မတော် (AA)နှင့် တပ်မတော်တို့သည် ဧပြီလ ၁၆ ရက်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် လောရမ တောင်တန်းနှင့် ကျောက်တော်မြို့နယ် အစပ် နတ်သရွေး ကျေးရွာအနီးတွင် တိုက်ပွဲများပြင်းထန်ခဲ့ရာ တပ်မတော်ဘက်မှ ယာယီတပ်ရင်းမှူး တစ်ဦး အပါအဝင် အရာရှိနှင့် စစ်သည် တချို့ကျဆုံးခဲ့ကြောင်း၊ ယင်းကြောင့် AA တပ်ဖွဲ့ဝင်များအား အပြီးချေမှုန်းနိုင်ရေးအတွက် နယ်မြေ ရှင်းလင်းရေးများကို လုပ်ဆောင်နေကြောင်း ဧပြီလ ၁၉ ရက်နေ့ ရက်စွဲဖြင့် တပ်မတော်ဘက်မှ သတင်းထုတ်ပြန် ထားသည်။
ရက္ခိုင့်တပ်မတော် (AA)ကလည်း ပြည်သူက ရွေးချယ်ထားသော တရားဝင်အစိုးရနှင့် နိုင်ငံရေးအရ ဖြစ်ပေါ်လာသော ပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် အမြဲတမ်း အဆင်သင့်ရှိနေကြောင်း၊ အမျိုးသား ရင်ကြားစေ့ရေး အတွက်လည်း အကောင်း ဆုံးမျှော်လင့်ထားပြီး အခြားတစ်ဖက်တွင်လည်း လူသားတို့၏ မွေးရာပါအခွင့်အရေး ဖြစ်သော မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ ရက္ခိုင့်တပ်မတော် အနေဖြင့် ရခိုင်ပြည်သူလူထုနှင့် လက်တွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်နေမှုမှန်သမျှကို ခုခံတိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဧပြီလ ၂၀ ရက်စွဲဖြင့် ထုတ်ပြန် ထားသည်။