ရန်ကုန်မြို့ရှိ၊ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြရန် လျှောက်ထားမှုကို နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်သဖြင့် ခွင့်မပြုဘဲ ဗိုလ်စိန်မှန်ကွင်းတွင်သာ ဆန္ဒပြရန် ခွင့်ပြုမည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ရခိုင်စက်လှေ နစ်မြုပ်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် “ရိုဟင်ဂျာ” ဟု သုံးနှုန်းခဲ့သည့် အမေရိကန်သံရုံးကို ကန့်ကွက်ဆန္ဒပြရန် လျှောက်ထားမှုကို နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်နိုင်သဖြင့် သံရုံးရှေ့တွင် ခွင့်မပြုဘဲ ဗိုလ်စိန်မှန်ကွင်းတွင်သာ ဆန္ဒဖော်ထုတ် ခွင့်ပြုခြင်းဖြစ်သည်။
အစိုးရ၏ ထုတ်ပြန်ချက်များအပြင် မြန်မာနိုင်ငံသား အများစုက ဘင်္ဂါလီဟု ခေါ်ဝေါ်လေ့ရှိသူများကို အမေရိကန် သံရုံးက “ရိုဟင်ဂျာ” ဟူသည့် စကားအသုံးအနှုန်းဖြင့် ထုတ်ပြန်ချက်တခုတွင် ထည့်သွင်း ရေးသားလိုက်သည့်အပေါ် ကျေနပ်မှုမရှိသည့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက ရန်ကုန်မြို့ရှိ အမေရိကန် သံရုံး ရှေ့မျက်နှာစာတွင် ကန့်ကွက်ဆန္ဒပြရန် လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ကို ခွင့်မပြုဘူး မဟုတ်ဘူး ခွင့်ပြုမယ်။ ဒါပေမယ့် ဗဟန်းဗိုလ်စိန်မှန်ကွင်းမှာ လုပ်မယ်ဆိုရင်တော့ ခွင့်ပြုတယ်။ အမေရိကန် သံရုံးရှေ့တော့ မပေးဘူး။ ဒါက နှစ်နိုင်ငံဆက်ဆံရေး ရှိတယ်။ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်နိုင်တယ်” ဟု ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ထွန်းက ဧရာဝတီသို့ အတည်ပြုပြောသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ၎င်းတို့၏ သဘောထားကို ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ရုံးသို့ ဧပြီ ၂၆ ရက် နံနက် ၁၁ နာရီကျော်တွင် အကြောင်းပြန်ကြားခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှ ကာယကံရှင်များသို့ အကြောင်းကြားပြီး နေရာပြောင်းလဲ ပြုလုပ်ရမည့် ကိစ္စအပေါ် ယနေ့ ဧပြီ ၂၆ တွင် တွေ့ဆုံရန် ချိန်းဆိုထားကြောင်း ကမာရွတ်မြို့နယ် ရဲမှူး ဇော်ဝင်းက ပြောသည်။
ရဲမှူး ဇော်ဝင်းက “သူတို့လာတဲ့အခါ ဆန္ဒဖော်ထုတ်ခွင့်တော့ ပြုတယ်။ ပြုတဲ့နေရာကတော့ ဗိုလ်စိန်မှန်ကွင်းဖြစ်လို့ အဲဒီမှာပဲ စည်းကမ်းစနစ်တကျနဲ့ လုပ်ပါ။ ကျနော်တို့လည်း လိုအပ်တဲ့ လုံခြုံရေးတွေ လိုက်လုပ်ပေးပါ့မယ်။ သက်ဆိုင်ရာ ဗဟန်းနယ်မြေနဲ့လည်း ပေါင်းစပ်ပြီး လုပ်ပေးပါမယ်ဆိုတာ ရှင်းပြမယ်။ တကယ်လို့ သံရုံးရှေ့မှာပဲ လုပ်မယ်ဆိုလည်း တားရမယ်ဆိုတာ ပြောပြမယ်” ဟု ရှင်းပြသည်။
အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြရန် လျှောက်ထားသူများသည် ဧပြီ ၂၈ ရက်၊ နေ့လယ် ၁ နာရီတွင် တက္ကသိုလ် ရိပ်သာလမ်း၊ ရန်ကုန်တက္ကသိုလ်ရှေ့မှ အမေရိကန်သံရုံးရှေ့အထိ လူအင်အား ၃၀၀ ဖြင့် လမ်းလျှောက် ချီတက်ဆန္ဒပြရန် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ရုံးသို့ ဧပြီ ၂၃ ရက်တွင် ခွင့်ပြုချက်တင်ခဲ့ကြောင်း သိရသည်။
ဧပြီ ၁၉ ရက်က စစ်တွေမြို့နယ်၊ သဲချောင်းအနီး စက်လှေတစင်း နစ်မြုပ်ပြီးနောက် “ကလေးငယ် ၁၀ ဦး အပါအဝင် လူပေါင်း ၁၈ ဦး ရေနစ်သေဆုံးခဲ့ရသည့် စက်လှေနစ်မြုပ်မှုဖြစ်စဉ် အတွက် ကြေကွဲ ဝမ်းနည်းဖွယ်ရာ အသက် ဆုံးရှုံးခဲ့ရသူများနှင့် ပတ်သက်သည့် သတင်းအတွက် မိမိတို့များစွာ စိတ်မကောင်းဖြစ်ရပါသည်။ ဒေသခံ သတင်းများအရ ရိုဟင်ဂျာ လူမှုအသိုက်အဝန်းများမှဟု သိရှိရသော အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များ နှင့်အတူ ကြေကွဲဝမ်းနည်းရပါကြောင်း အမေရိကန်ပြည်သူများကိုယ်စား မိမိတို့ပြောကြားလိုပါသည်” ဟု အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြရာတွင် ပါဝင်မည့် ကိုနောင်တော်လေးက “ကျနော်တို့က တဦးတယောက်တည်း လုပ်တာ မဟုတ်ပါဘူး။ အများနဲ့လုပ်တာ၊ အများဆန္ဒနဲ့အညီ ဒီနေရာ (အမေရိကန် သံရုံး) မှာလုပ်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် ပြန်ဆွေးနွေးပြီး အများသဘောတူတဲ့ ဆန္ဒအတိုင်းပဲ ဆက်လုပ်မှာပါ” ဟု ပြောသည်။
၎င်းက ဆက်လက်၍ အစိုးရက ရိုဟင်ဂျာဆိုသည့် စကားအသုံးအနှုန်းကို လက်မခံကြောင်း တရားဝင် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သော်လည်း အမေရိကန် အနေဖြင့် ပြဿနာဖြစ်စေရန် သုံးနှုန်းခြင်း ဖြစ်သည်ဟု ယူဆကြောင်း၊ တိုင်းပြည်၏အမျိုးသား လုံခြုံရေးကို အထူးအလေးထားသည့် အမေရိကန် အစိုးရအနေဖြင့် တခြားတိုင်းပြည် တခု၏ အမျိုးသားလုံခြုံရေးကိုလည်း အလေးထားသင့်ကြောင်း သိစေရန် ကန့်ကွက်ဆန္ဒပြရန် စီစဉ်ရခြင်းဖြစ်ကြောင်း ရှင်းပြသည်။