အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မရေးထိုးရသေးသော မဟာမိတ်သုံးဖွဲ့က ၎င်းတို့အနေဖြင့် တပ်မတော်၏ ငြိမ်းချမ်းရေး ညှိနှိုင်းရေးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးက အလွတ်သဘော တွေ့ဆုံရန် ကမ်းလှမ်းမှုကို လက်ခံမည် မဟုတ်ကြောင်း သတင်းရရှိသည်။
ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး၏ ကမ်းလှမ်းချက်ကို မြန်မာနိုင်ငံ အမှန်တရားနှင့်မျှတမှု အမျိုးသားပါတီ / မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး / ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်မတော် (ULA/AA) တို့က ဧပြီလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။
PSLF/TNLA ၏ နိုင်ငံခြားရေးဌာန တာဝန်ခံ ဗိုလ်မှူး တာပန်လက “အခု အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး အခြေအနေကလည်း ကျနော်တို့ ဘာမှ မသိရသေးဘူး။ အစိုးရသစ်က ဖွဲ့စည်းလာမယ့် အဖွဲ့နဲ့ အရင်တွေ့ဆုံပြီးမှ တခြား လိုအပ်တဲ့အဖွဲ့တွေနဲ့ တွေ့ဆုံမယ်လို့ ကျနော်တို့ဘက်မှာလည်း သုံးသပ်မှုတွေရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မဟာမိတ်သုံးဖွဲ့သည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် NCA စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံးနှင့် တပြိုင်တည်း လက်မှက်ရေးထိုးလိုကြောင်း တောင်းဆိုခဲ့ကြသည်။
သို့သော်လည်း တပ်မတော်နှင့် အစိုးရက ယင်းသုံးဖွဲ့အား ချန်ခဲ့ရန် ဆုံးဖြတ်ခဲ့သဖြင့် အားလုံး ပါဝင် လက်မှတ်ရေးထိုးရေး တောင်းဆို နေကြသည့် အင်အားကြီး လက်နက်ကိုင်အဖွဲ့များပါ လက်မှတ် မထိုးဖြစ်ခဲ့ကြသည့် အခြေအနေကို ရောက်ခဲ့ရသည်။
ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးက ၎င်းအနေဖြင့် ယခုအချိန်အထိ တပ်မတော်၏ ငြိမ်းချမ်းရေး ညှိနှိုင်းရေးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ကြောင်း၊ သို့သော်လည်း မဟာမိတ် သုံးဖွဲ့ကို အလွတ်သဘော တွေ့ဆုံရန် တောင်းဆိုခဲ့ခြင်း မရှိကြောင်း ဧရာဝတီသို့ပြောသည်။
ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးက “အစကတည်းက ကျနော်တို့ ကမ်းလှမ်းတာ မဟုတ်ဘူး။ သူတို့ဟာသူတို့ ပြောပြီးတော့မှ ကြေညာချက်ထုတ်တာ။ ကျနော်နဲ့လည်း ဘာမှမဆိုင်ဘူး” ဟု ငြင်းဆိုသည်။
သို့သော် မဟာမိတ်သုံးဖွဲ့ကို ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး ဦးဆောင်သော အဖွဲ့က အလွတ်သဘော တွေ့ဆုံရန် ကမ်းလှမ်းခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့နှင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သော UNFC အစည်းအဝေးတွင် သတင်းထောက်များကို ပြောသည်။
နိုင်ဟံသာက “ကမ်းလှမ်းထားတာတော့ ရှိတယ်။ UNFC အနေနဲ့တော့ မဟုတ်ဘူးပေါ့။ အဓိကအားဖြင့်တော့ သူတို့လက်မခံတဲ့ သုံးဖွဲ့လေ။ အဲဒီသုံးဖွဲ့က တနိုင်ငံလုံံး အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါမှဖြစ်မယ်လို့ တို့ကလည်း ရပ်တည်ထားတာကိုး။ အဲဒီတော့ ပါနိုင်ဖို့ အလွတ်သဘောအနေနဲ့ လာပြီး နည်းလမ်းရှာဖို့ သဘောရှိတယ်၊ ကမ်းလှမ်းထားတယ်” ဟု ပြောသည်။
မဟာမိတ် သုံးဖွဲ့အနက် MNTJP/MNDAA နှင့် PSLF/TNLA တို့သည် UNFC အဖွဲ့ဝင်များဖြစ်ကြပြီး လက်ရှိ ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ULA/AA အဖွဲ့သည် UNFC အဖွဲ့ဝင်အဖြစ် လျှောက်ထားဆဲ ဖြစ်သည်။
အဆိုပါ မဟာမိတ်သုံးဖွဲ့သည် အစိုးရသစ်နှင့် အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးရန် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။