ပင်လယ်အတွင်းသို့ စီးဝင်သည့် ငဝန်မြစ် အောက်ပိုင်းမှ ရေငန်များ အချိန်စောလျင်စွာ ဆန်တက်လာသည့်အတွက် ပုသိမ်ခရိုင် ငပုတောနှင့် ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ စပါးခင်း ဧက ထောင်ချီ ပျက်စီးပြီး စပါးအထွက်နှုန်း ကျဆင်းမှု ဖြစ်ပွားကြောင်း သိရသည်။
ငပုတောမြို့နယ် ဝက်စူကျေးရွာမှ တောင်သူ ဦးကျော်မြင့်က “ကျနော်တို့ဘက်က ချောင်းတွေက ပုံမှန်ဆို ဧပြီနဲ့ မေလလောက်မှ ရေငန် ဝင်တယ်။ အခုက ဖေဖော်ဝါရီ၊ မတ်လကတည်းက ရေငန်တွေ ဝင်လာတော့ ရေတင်စိုက်ရတဲ့ ဆောင်းစပါးတွေ အကုန်လုံး ရေငန်မိကုန်တာပေါ့။ အဲဒီတော့ ၁ ဧက တင်း ၁၀၀ လောက် ထွက်တဲ့လယ်က ရေငန်ထိတော့ တင်း ၃၀ လောက်ပဲ ထွက်တော့တယ်” ဟု ဧရာဝတီကို ပြောသည်။
ရေငန်ထိ၍ စပါးခင်း ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နေသည့် ကျေးရွာများသည် ငပုတောမြို့နယ်အတွင်းရှိ ဝက်စူ၊ သက္ကယ်ချောင်း၊ ဖျံရေကျော်၊ လိပ်ချောင်းကျေးရွာ အုပ်စုများနှင့် ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ အညာစု၊ ရိုးချောင်း၊ ရေကျော်ကြီး၊ သဲကုန်း၊ ပေပင် လေး၊ ပေပင်ကြီး၊ အစုကြီး စသည့် ကျေးရွာအုပ်စုများဖြစ်ပြီး လယ်ဧက ၁ သောင်းကျော်ရှိကြောင်း ဒေသခံတောင်သူ များက ပြော သည်။
“ကျမတို့ရွာမှာဆိုရင် ရေငန်လွတ်အောင်ဆိုပြီး စောစောစိုက်တာတောင် မရဘူး။ အကုန်လုံး ရေငန်ဝင်လို့ စပါးတွေက နီပြီး တိုကုန် တယ်။ အထွက်နှုန်းကလည်း ၁ ဧကကို စပါးတင်း ၂၀၊ ၃၀ ပဲ ရတယ်။ အဲဒီတော့ ဆောင်းစပါး စိုက်သူတွေ ရှုံးကြတာပေါ့”ဟု ကန်ကြီးထောင့်မြို့နယ် အညာစုကျေးရွာမှ တောင်သူ ဒေါ်ဆွေဆွေဝင်း ကလည်း ပြောပြသည်။
ပင်လယ်ရေငန် ဝင်ရောက်သည့် စပါးခင်းများသည် စပါးနှံမအောင်တော့ဘဲ အဖျင်းများ၍ အထွက်နှုန်းလျော့ကျကာ ထွက်ရှိလာ သည့် စပါးများသည်လည်း အရည်အသွေး ညံ့ဖျင်းသည့်အတွက် ဆန်စက်အများစုက ဝယ်ယူလိုခြင်း မရှိကြကြောင်း၊ ဝယ်ယူကြ သည့် ဆန်စက်များက လက်ရှိပေါက်ဈေးထက် ဈေးနှိမ်၍ ဝယ်ကြကြောင်း တောင်သူများက ပြောသည်။
ဆောင်းစပါးစိုက်ပျိုးမှုတွင် အရှုံးပြနေသည့်အတွက် စပါးခင်း ပျက်စီးသွားသည့် ဒေသခံတောင်သူများက အစိုးရထံမှ ၁ ဧက ၁ သိန်း ကျပ်နှုန်းဖြင့် ချေးယူထားသည့် စိုက်ဘဏ်ချေးငွေများကို အချိန်မီ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိကြကြောင်းလည်း တောင်သူများက ဆက်လက် ပြောဆိုသည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး ပုသိမ်မြို့အခြေစိုက် တောင်သူလယ်သမား ဖွံံဖြိုးတိုးတက်ရေး သင်တန်းကျောင်း ဒါရိုက်တာ ဦးတင်လင်းအောင်က “အခုလို သဘာဝဘေးကြောင့် ရေငန်ထိပြီး ပျက်စီးတဲ့ လယ်သမားတွေကို အစိုးရအနေနဲ့ သေချာ စာရင်း ကောက်ယူပြီး ဒီချေးငွေတွေကို ရေရှည်မှာ ခွဲပြီးဆပ်သွားနိုင်အောင် ဆောင်ရွက်ပေးသင့်တယ်။ အဲ့ဒီလိုမဟုတ်ရင် စိုက်ဘဏ်ဆပ်ဖို့ လယ်သမားတွေ လယ်ရောင်းပစ်ရင် လယ်မဲ့ယာမဲ့တွေ ဖြစ်ကုန်လိမ့်မယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းအတွင်း မိုးစပါးစိုက်ပျိုး ဧက ၃.၆ သန်း ရှိပြီး နွေစပါး စိုက်ပျိုး ဧက ၁.၂ သန်း ရှိကြောင်း တိုင်း စိုက်ပျိုးရေးဌာနရုံး စာရင်း မှတ်တမ်းများအရ သိရသည်။