အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး ရရှိအောင် ပြုလုပ်ပြီး ထာဝရငြိမ်းချမ်းရေး ရသည်အထိ ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြောဆိုလိုက်သည်။
နေပြည်တော်ရှိ Horizon Lake View တွင် တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်သည့် ပြည်ထောင်စုအဆင့် အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးတွင် ယင်းသို့ပြောဆိုခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “အပစ်အခတ်ရပ်စဲရေးကို တည်တံ့ခိုင်မြဲအောင် လုပ်ဖို့ဟာ တကယ်အရေးကြီးပါတယ်။ လက်မှတ် ထိုးရုံက ဒါက ပထမခြေလှမ်းပဲ ရှိပါသေးတယ်။ ကျမတို့ အပစ်အခတ်ရပ်စဲရေး တည်တံ့ခိုင်မြဲရေး မရှိနိုင်ရင် တကယ်ငြိမ်းချမ်းရေး အတွက် ဆက်ပြီးသွားလို့မရပါဘူး” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အားလုံး မပါဝင်သေးသည်ကို အများသိမြင်ပြီးသား ဖြစ်ကြောင်း သို့သော်လည်း ထိုအကြောင်းအရာသည် စိတ်ပျက်စရာ မဟုတ်ဘဲ လက်နက်ကိုင်အားလုံး ပါဝင်အောင် ဝိုင်းဝန်း စဉ်းစားရမည်ဖြစ်ကြောင်းနှင့် စေတနာမှန်လျှင် မဖြစ်နိုင်စရာ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အများနှင့် လုပ်ဆောင်ရသည့် ကိစ္စများတွင် အပေးအယူ ရှိသော်လည်း ရယူလိုသည့် အချက်တခုကိုသာ မစဉ်းစားဘဲ ဘယ်လောက် ပေးဆပ်နိုင်မလဲ ဆိုသည်ကိုလည်း ဝိုင်းဝန်းလုပ်ဆောင် မှသာလျှင် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်ဟုလည်း ပြောဆိုသွားသည်။
“ဒီလိုစိတ်နဲ့ ကျမတို့ လုပ်သွားမယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးကိုလည်း ကျမတို့ ခိုင်မာအောင် လုပ်နိုင်မယ်။ မပါသေးတဲ့ အဖွဲ့တွေကိုလည်း ပါဝင်လာချင်အောင်လို့၊ ပါဝင်လာနိုင်အောင်လို့ ကျမတို့က အခြေအနေတခုကို ဖန်တီးနိုင်မယ်။ ဒီလိုကျမတို့ ဖန်တီးတဲ့ တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးညီလာခံကို စတင်ကျင်းပမယ်။ ကျမအမြင်ကတော့ ငြိမ်းချမ်းရေး ညီလာခံ ဖြစ်မြောက်ရေး နဲ့ အပစ်အခတ်ရပ်စဲရေးထဲမှာ ပါဝင်သင့်တဲ့ အဖွဲ့တွေ အားလုံးပါဝင်ရေးဟာ နှစ်ခုစလုံး မျဉ်းပြိုင်အနေနဲ့ လုပ်သွားသင့်တဲ့ ကိစ္စလို့ ထင်ပါတယ်။ တခုပြီးမှ တခုလုပ်မယ် ဆိုလို့ရှိရင် အဲလိုလုပ်လို့မဖြစ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
ယခုကတည်းက အပစ်အခတ်ရပ်စဲရေး ခိုင်မြဲအောင်လုပ်ခြင်းအားဖြင့် အကျိုးဆက်ကို ပြည်သူများက မည်သို့ ခံစားရသည် ဆိုသည်ကို ထင်သာမြင်သာ ပြနိုင်ခြင်းအားဖြင့် အပစ်အခတ် ရပ်စဲရေးထဲတွင် တခြား မပါနိုင်သေးသော အဖွဲ့များ ပါလာစေရန် ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် တချိန်တည်းတွင်ပင် ထာဝရငြိမ်းချမ်းရေးရစေမည့် ညီလာခံတခု ကျင်းပနိုင်ရန် အစပျိုးနိုင်မည် ဖြစ်ကြောင်း ဆိုသည်။
နိုင်ငံသူ နိုင်ငံသားအားလုံး အေးအေးချမ်းချမ်းနှင့် နေနိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် ငြိမ်းချမ်းရေးညီလာခံကြီး ဖြစ်ပေါ်လာရန်အတွက် အချိန်မဆွဲလိုဘဲ တလ၊ နှစ်လ အတွင်း ဖြစ်မြောက်အောင် လုပ်ဆောင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ကျမတို့နိုင်ငံအတွက် ငြိမ်းချမ်းရေးဟာ နေ့တဓူဝ လိုအပ်နေပါတယ်။ နေ့တိုင်း၊ နေ့တိုင်း ငြိမ်းချမ်းရေးမရလို့ ဒုက္ခခံနေရတဲ့သူတွေ ကျမတို့နိုင်ငံသူ၊ နိုင်ငံသားတွေရှိပါတယ်။ အဲဒါကြောင့်မို့လို့ ဒုက္ခခံနေရတဲ့ သူတွေအတွက် တရက်ဆိုတာ၊ ၂၄ နာရီဆိုတာ နည်းတဲ့ အချိန်မဟုတ်ပါဘူး။ မခံနေရတဲ့သူတွေအတွက် ၂၄ နာရီက ဘာမှမဟုတ်ဘဲ ပြီးသွားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပါဝင်သင့် ပါဝင်ထိုက်သူများကို ထည့်သွင်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယခင်သဘောတူ ထားသည့် အချက်များကိုလည်း လိုအပ်ချက်များကို ပြုပြင်ပြောင်းလဲမှုများ၊ ဖြည့်စွက်ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုကြောင်းနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ကိုလည်း ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် ဖွဲ့စည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။