မန္တလေးမြို့ရှိ စက်မှုဇုန် ၁ နှင့် စက်မှုဇုန် ၂ ကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု (FDI)များ ဆွဲဆောင်နိုင်သော နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူးဦးမောင်မောင်ဦးကပြောသည်။
မန္တလေး စက်မှုဇုန်တွင် အကြီးစား စက်မှုလုပ်ငန်း ၃၉၂ ခု ၊ အလတ်စားစက်မှုလုပ်ငန်း ၃၀၄ ခု၊ အသေးစား စက်မှုလုပ်ငန်း ၅၉၆ ခု အပါအဝင် ကုန်ထုတ်လုပ်မှု အတွက် လုပ်ငန်းအုပ်စု အမျိုးအစား ၁၃ခုဖြင့် လည်ပတ် နေကြောင်း၊ မန္တလေးစက်မှုဇုန်ကို ၁၉၉၀ပြည့်နှစ်မှ စတင်တည်ထောင်ခဲ့ပြီး မြေဧရိယာ ၁၈၂၀ ဧက ပေါ်တွင် မြေကွက် ပေါင်း ၃၅၀ ဖော်ထုတ်ကာ စက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိကာလတွင် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းကာ လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
မန္တလေးစက်မှုဇုန်တွင် လက်ရှိဘဏ္ဍာရေးနှစ်၌ ငွေကျပ် ၅၉၃၉၇ ဒသမ ၃၀၈ သန်းခန့် ရင်းနှီးမြုပ်နှံ လည်ပတ် လျက် ရှိပြီး စက်မှုလုပ်ငန်းထုတ်ကုန်များမှာ စားသောက်ရေး၊ ဝတ်ဆင်ရေး၊ နေထိုင်ရေး၊ လူသုံးကုန် ပစ္စည်းများ၊ အိမ်သုံးကုန်ပစ္စည်း၊ စက္ကူထုတ်လုပ်ရေး၊ သံရည်ကြိုကုန်ကြမ်းပစ္စည်း၊စာပေနှင့်အနုပညာ၊ စိုက်ပျိုးရေးကိရိယာ၊ စက်မှုနှင့်စက်ပစ္စည်းကိရိယာ၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ပစ္စည်း၊ အထွေထွေစက်မှုလုပ်ငန်းဟူ၍ လုပ်ငန်း အုပ်စု အမျိုးအစား ၁၃ခုရှိကြောင်း သိရ သည်။
“မန္တလေးစက်မှုဇုန်ကနေ သွင်းကုန်အစားထိုးလုပ်ငန်းများအနေနဲ့ လုပ်ငန်းပေါင်း ၂၇ခုလောက်ရှိတယ်။ စက်နဲ့စက် ကိရိယာထုတ်လုပ်မှု တွေ၊ ကားထုတ်လုပ်မှုလုပ်ငန်းတွေ၊ ပလပ်စတစ်လူသုံးကုန်မျိုးစုံ၊ လျှပ်စစ် လုပ်ငန်းသုံး ပစ္စည်းထုတ်လုပ်မှုတွေနဲ့တွင်ခုံနဲ့ အ ခြားစက်မှု လုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်နေကြပါတယ်၊ ထုတ်လုပ်မှု တွေအားလုံးမှာ ဈေးကွက်နဲ့သုံးစွဲအားကောင်းတဲ့ လျှပ်စစ်ပစ္စည်းအုပ်စုနဲ့ စက်၊ စက်ကိရိယာ အပိုပစ္စည်းအုပ်စုက အများဆုံးပါပဲ”ဟု မန္တလေးစက်မှု ဇုန်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။
ပြည်ပသို့တင်ပို့သော ကုန်ပစ္စည်းများတွင် အဓိက သစ်အချောထည်လုပ်ငန်းရှစ်ခုမှ တန်ဖိုးမြှင့်သစ် အချောထည် ပစ္စည်းများ ကို ပြင်သစ်၊ အီတလီ၊ တရုတ်၊ ထိုင်း၊ အင်္ဂလန်၊ ကိုရီးယား၊ စင်ကာပူနိုင်ငံများသို့ တင်ပို့လျက်ရှိသလို စက်မှုဇုန်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် နိုင်ငံတကာမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ကာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန် အဖြစ်ပြောင်းလဲနိုင်ရေး ဆောင်ရွက်နေသည်ဟု စက်မှုဇုန်တာဝန်ရှိသူများက ဆိုသည်။
မန္တလေးစက်မှုဇုန်တွင် စက်ရုံ၊ အလုပ်ရုံ ၁၂၉၄ ခု ရှိပြီး အ လုပ်သမား ၁၆၄၁၅ ဦးဖြင့် ပုံမှန်အတိုင်း လည်ပတ်နေလျက်ရှိပြီး စက်မှုဇုန်၏ ကုန်ထုတ်လုပ်မှု တန်ဖိုးမှာ ကျပ်သန်းပေါင်း ၂၆၇၈၈၀ ဒသမ ၈၁၉ ရှိကြောင်းသိရသည်။