ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့တွင် အာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့သူများကို ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့်စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် အရေး ယူသွားမည် ဖြစ်ကြောင်း ကမာရွတ် ရဲစခန်းမှ ရဲမှူးဇော်ဝင်းက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းအနီး စက်လှေနစ်မြုပ် သေဆုံးသွားသူများအတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဧပြီလ ၂၀ ရက်နေ့ ဝမ်းနည်းကြောင်းထုတ်ပြန်ချက်တွင် ရိုဟင်ဂျာ လူ့အသိုင်းအဝိုင်းဟုသုံးစွဲ ခဲ့သော ကြောင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၂၀၀ ခန့်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန် သံရုံးရှေ့ တွင်ဧပြီလ ၂၈ ရက်နေ့က ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ဆန္ဒပြပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် ၉၆၉ လှုပ်ရှားမှုတွင် ဦးဆောင်သူ တဦးဖြစ်သော မကွေးကျောင်းတိုက်မှ ဦးပါမောက္ခ၊ ဆရာတော် ဦးသုစိတ္တတို့က ဟောပြောခဲ့ပြီး အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဟောင်း ဒေါ်ခင်ဝိုင်းကြည်လည်း ဆန္ဒပြပွဲသို့ လာရောက်ခဲ့ကြောင်း ၊ မန္တလေး မှ မဘသ ဦးဆောင်သူ တဦးဖြစ်သော ဦးဝီရသူကလည်း ယင်းဆန္ဒပြပွဲသို့ သဝဏ်လွှာ ပေးပို့ခဲကြောင်း၊ ဆန္ဒပြသူ များ သည် အင်အား ၃၀၀ ဝန်းကျင်ခန့်ရှိပြီး နေ့လယ် ၁ နာရီတွင် စတင်ခဲ့ခြင်းဖြစ်ကာ မြန်မာ့ အမျိုးသား ကွန်ရက် အဖွဲ့ဝင် ၃ ဦးကလည်း ဟောပြောခဲ့ကြောင်း သိရှိရသည်။
ဆန္ဒပြသူများက အမေရိကန်သံရုံးကို ဆန္ဒပြရန် အာဏာပိုင်များထံသို့ လျှာက်ထားမှုကို ခွင့်ပြုချက်ပေးခဲ့သော်လည်း ဆန္ဒပြသည့် နေရာကို ဗိုလ်စိန်မှန်ကွင်းတွင်သာခွင့်ပြုခဲ့ကြောင်း၊ ယင်းကို လိုက်နာခြင်းမရှိခြင်းကြောင့်ပုဒ်မ ၁၉ ဖြင့် အရေးယူဆောင်ရွက်ရခြင်းဖြစ်ပြီး ဦးဆောင်သူများတွင် သံဃာများ လည်း ပါဝင်သည့်အတွက် သံဃာ့စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲမှူး ဇော်ဝင်း က ဧရာဝတီသို့ အတည်ပြုပြောသည်။
“တာဝန်ရှိတဲ့သူတွေကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်ထားပါတယ်။ ခွင့်မပြုတဲ့နေရာမှာလုပ်လို့ အရေးယူ တာပဲရှိတယ်။ ကျန်တဲ့ကိစ္စတော့ မပြောလိုပါဘူး။ ဥပဒေမလိုက်နာလို့ အရေး ယူတာပါ” ဟု ၎င်းက ရှင်းပြသည်။
“ကျနော်တို့က ဥပဒေလမ်းကြောင်းအတိုင်းလုပ်တယ်။ သူတို့ဘက်က ဥပဒေစကားပြောလာရင် ကျနော်တို့ကလည်း ဥပဒေနဲ့အညီပြောမယ်” ဟု ဆန္ဒပြသူတဦးဖြစ်သော ကိုနောင်တော်လေးက ပြောသည်။
အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြရန်လျှောက်ထားမှုကို နှစ်နိုင်ငံဆက်ဆံရေးထိခိုက်မည်စိုးသဖြင့် ခွင့်မပြုဘဲ ဗိုလ်စိန်မှန် ကွင်းတွင်သာ ဆန္ဒပြရန် ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၂၆ ရက်တွင် ခွင့်ပြုခဲ့ခြင်းကြောင်း သိရသည်။