ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ရွှေတောင်မြို့နယ်အတွင်းရှိ ရွာပေါင်းတရာကျော်တွင် ဧပြီလ ၃၀ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၉၁ လုံး ပြိုပျက်ပြီး နေအိမ် ၁၂၃၁ လုံး အမိုးလန်ပျက်ဆီးကာ ဘုန်းတော်ကြီးကျောင်း ၁၄ နှင့် အစိုးရစာသင်ကျောင်း ၈ ကျောင်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ရွှေတောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ စာရင်းများအရ သိရသည်။
“ရွှေတောင်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၃၂ စုထဲက ကျေးရွာပေါင်း ၁၂၆ ရွာမှာ ပျက်ဆီးတဲ့အိမ်က ၉၁ အိမ်၊ အမိုးလန်တာက ၁၂၃၁ အိမ်၊ စုစုပေါင်း ၁၃၂၁ အိမ်ပေါ့။ ဒါကို ကျနော်တို့ အစိုးရဆီကို ချက်ခြင်းတင်ပြထားတယ်။ သူတို့ဆီက ဘယ်လိုလာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့”ဟု ရွှေတောင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ဆိုသည်။
ရွှေတောင်မြို့နယ်တွင် ဧပြီလအတွင်း မိုးသက်လေပြင်း လေးကြိမ်ကျရောက်ခဲ့ပြီး ဧပြီလ ၃၀ ရက်က လေပြင်းတိုက်ခတ်မှုသည် ပျက်ဆီးဆုံးရှုံးမှု အဆိုးဆုံးဖြစ်သည့်အပြင်၊ ခိုင်းနွားသုံးကောင်လည်း မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း ဦးရွှေလှအောင်က ဆက်ပြောသည်။