ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲ ရပ်တန့်ပေးရန်အတွက် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့ ကြီး ၈ မြို့ စုစုပေါင်း မြို့ ကြီး ၉ မြို့တွင် ဒေသခံ ထောင်ပေါင်းများစွာက ဆန္ဒပြတောင်း ဆိုလိုက်ကြောင်း သတင်းရရှိသည်။
မေလ ၁ ရက်နေ့ တွင် ရခိုင်စစ်ပွဲများ ရပ်တန့်ရေး ဆန္ဒပြပွဲများကို ရခိုင်ပြည်နယ်အတွင်းမှ စစ်တွေမြို့ ၊ မြောက်ဦးမြို့ ၊ မင်းပြားမြို့ ၊ မြေပုံမြို့ ၊ ပေါက်တောမြို့ ၊ ပုဏ္ဏားကျွန်းမြို့ ၊ ရသေ့တောင်မြို့ ၊ ဘူးသီး တောင်မြို့ ၊ မောင်တောမြို့ ၊ ရန်ကုန်မြို့တွင်လည်း စစ်ပွဲရပ်ရေးအတွက် တညီတညွတ်တည်း တောင်း ဆို ခဲ့ကြကြောင်း ရခိုင်လူမှုအဖွဲ့အစည်းများထံမှ သိရှိရသည်။
စစ်တွေမြို့ဒေသခံဖြစ်ပြီး ဆန္ဒပြပွဲတွင်ပါဝင်သူရခိုင်တိုင်းရင်းသား ဦးစိုးနိုင်က “ ကျနော် တို့ အဓိက လိုချင်တာက ထိုးစစ်ရပ်စဲပေးဖို့ပါ။ အခု စစ်ကြောင့် ဒုက္ခရောက်နေသူတွေ ရပ်ရွာစွန့်ခွာလာသူတွေ ၊ စစ်ကြောင်း တလျောက် ဒေသခံ ရွာသားတွေ စိုးရိမ် ထိတ်လန့်နေကြရတယ်။ ဒီလို ပြည်တွင်း စစ်တွေ ဖြစ်နေတာ တွေဟာ ဒေသခံ ပြည်သူတွေကို အများကြီး ထိခိုက် နစ်နာစေတယ် ။ စစ်ပွဲကို ရပ်တန့်စေချင်တယ် ။ ဒေသခံ အကျိုးကို
မထိခိုက်စေချင်ဘူး။ အဲဒီရည်ရွယ်ချက်နဲ့ ပြတာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင် ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော် ( AA ) နှင့် မြန်မာ့တပ်မတော်တို့ ဧပြီလ ၁၆ ရက်အတည်းက တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေသည်မှာ ယခု မေလ ၁ ရက်နေ့ကို ရောက်ရှိလာပြီ ဖြစ်ပြီး ရသေ့တောင်မြို့နယ် ၊
ဘူသီးတောင်မြို့နယ် ၊ ကျောက်တော်မြို့နယ် များတွင် စစ်ရှောင် လူဦးရေ ၁၀၀၀ ကျော်ထိ ရှိလာပြီ ဖြစ်ရာ အစိုးရအနေဖြင့် နိုင်ငံရေးအရဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို နိုင်ငံရေးအရသာ
ဖြေရှင်းရန် နိုင်ငံရေး စားပွဲဝိုင်းသို့ ခေါ်ယူ ဆွေးနွေးသင့်ကြောင့် ဆန္ဒပြဦးဆောင်သူ ဆရာတော်များက ပြောသည်။
ရသေ့တောင်မြို့ဆန္ဒပြပွဲသို့ရောက်ရှိနေသော မြတန်းဆောင် ( မြောက်ဦး ) ဆရာတော် ဦးနန္ဒ သာရက “လိုချင်တာက ထိုးစစ်ရပ်တန့်ပေးရေး ဖြစ်တယ်။ နိုင်ငံရေးအရ ဖြစ်နေတဲ့ ဒီတိုင်းရင်းသား လက်နက် ကိုင်ပြသနာကို လက်နက်နဲ့ အင်အားနဲ့ မဖြေရှင်းပဲနဲ့ နိုင်ငံရေးအရ စားပွဲဝိုင်းကို ခေါ်ယူ ဖြေရှင်းကြပါလို့ တောင်းဆိုလိုပါတယ်။ အခု တိုက်ပွဲဖြစ်တော့ နှစ်ဘက် ကျဆုံး ကြတယ်။ကျန်ခဲ့တဲ့ မိသားစု ဒုက္ခရောက်တယ်။ ဒေသခံတွေ စစ်ဘေးဒုက္ခရောက်တယ်။ အဲဒါကြောင့် ပြည်ထောင်စုအစိုးရအနေနဲ့ နိုင်ငံရေး အရ ပဲ ဖြေရှင်း ပေးပါလို့ တောင်းဆိုရတာ ဖြစ်ပါတယ် ” ဟု မိန့်ကြားသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ဧပြီလ ၂၇ ရက်နေ့က ဒေသခံ ၅၀၀၀ ကျော် စစ်ပွဲ ရပ်တန့်ရေး ဆန္ဒပြ တောင်း ဆိုခဲ့ကြပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့ကြီးများအားလုံးတွင် စစ်ပွဲရပ်တန့်ရေး ဆန္ဒဖော်ထုတ်ပွဲများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ရခိုင်လူမှုအဖွဲ့အစည်းများထံမှ သိရှိရသည်။