ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံနှင့် နမ့်ခမ်းမြို့နယ်များ အတွင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့အကြား တကျော့ပြန် တိုက်ပွဲများ အပြင်းအထန် ပြန်လည် ဖြစ်ပွားလျက်ရှိကြောင်း အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့က အတည်ပြုပြောဆိုသည်။
ယင်း လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့အကြား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ကစပြီး နှစ်ဘက် ထိခိုက် သေကြေမှု များပြားခဲ့သော ပြင်းအထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် တကျော့ပြန်အဖြစ် ယခု မေလ ၁ ရက်နေ့ ကစပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့ကြခြင်း ဖြစ်သည်။
RCSS ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက “မန်တုံနဲ့ မိုင်းဝီးမြို့နယ် အစပ်မှာရှိတဲ့ ဆိုင်းလိန်၊ လွယ်ဟွမ်တို့ အဲဒီ နေရာမှာရှိတဲ့ ကျနော်တို့ တပ်တွေကို သူတို့ ထပ်ပြီးတော့ လာတိုက်တာ ဖြစ်ပါတယ်။ မေလ ၁ ရက်နေ့ မနက်ပိုင်းကနေ စပြီးတော့ တိုက်ပါတယ်။ မနေ့ကလည်း တနေကုန်လောက် ဖြစ်ပါတယ်။ ပြီးတော့ ဒီနေ့ မနက်ဆိုရင်လည်း မနက် အစောကြီး ၅ နာရီ ၄၆ မိနစ်လောက်ကတည်းက စတိုက်ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။
ပထမအကျော့ တိုက်ပွဲတွင် နှစ်ဖက်တပ်များအကြား ထိခိုက်သေကြေမှုများ အများအပြား ဖြစ်ပွားခဲ့သော်လည်း ယခု ပြန်လည် ဖြစ်ပွားသော နှစ်ဘက်တိုက်ပွဲတွင် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများနှင့် ပတ်သက်၍ မြေပြင်သတင်းများ တက်လာခြင်း မရှိသေးသဖြင့် မသိရှိရသေးဟု ဆိုသည်။
RCSS/SSA အဖွဲ့သည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေးထိုးခဲ့သော အဖွဲ့ဖြစ်ပြီး PSLF/TNLA အဖွဲ့သည် အစိုးရသစ်နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် ပြင်ဆင်နေသည့် အဖွဲ့ဖြစ်သည်။
RCSS/SSA အဖွဲ့သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယခင်က တပ်အင်အား ၁၀၀ ခန့်သာရှိသော တပ်ရင်း ၇၀၁ တခုတည်းသာ လှုပ်ရှားခဲ့ပြီး အစိုးရနှင့် NCA လက်မှတ်ရေးထိုးပြီးနောက် ထောင်နှင့်ချီပြီး တပ်အင်အားများ တိုးချဲ့လာကြောင်း၊ ယင်းသို့ အင်အား တိုးချဲ့လာမှုကြောင့် ရှောင်စရာနယ်မြေကျဉ်းလာပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း PSLF/TNLA ကပြောသည်။
PSLF/TNLA ၏ နိုင်ငံခြားရေးဌာန တာဝန်ခံ ဗိုလ်မှူး တာပန်လ “RCSS ရဲ့ လှုပ်ရှားမှုတွေက ပိုပြီး စိပ်လာတယ်။ ကျတော်တို့လည်း ရှောင်စရာနယ်မြေ ကျဉ်းလာပြီ။ ထိန်းဖို့ တော်တော်ခက်နေပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ပထမအကျော့ တိုက်ပွဲများဖြစ်ပွားစဉ် RCSS/SSA တပ်များ မူလနေရာသို့ ပြန်သွားရန်အတွက် ယခုနှစ် ဖေဖော်ဝါရီလ ထဲတွင် တပ်မတော်က သတိပေး အကြောင်းကြားခဲ့သေးကြောင်း သိရသည်။
အဆိုပါ နှစ်ဖွဲ့အကြား တိုက်ပွဲများ ရပ်စဲသွားနိုင်ရေးအတွက် နှစ်ဘက်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ကြားဝင်ညှိနှိုင်းရန် ပြောဆိုထားသော်လည်း ထူးခြားမှု တစုံတရာ မရှိသေးပေ။