တပ်မတော်၏ နိုင်ငံရေးစနစ် မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာရှိစေရန် နည်းလမ်းတကျ ပူးပေါင်းဆောင် ရွက်မှုများ အပေါ် သုံးသပ်သူတချို့က တပ်မတော်ပြိုကွဲအောင် ခွဲထုတ်ဖြိုဖျက်ခြင်းများ နည်းလမ်းမျိုး စုံဖြင့် လုပ်ဆောင်ပြီး တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင်၊ တပ်မတော် ”အား”ပျော့သွား အောင် လုပ်ဆောင်လာနိုင်သဖြင့် သတိတရားရှိကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့နံနက် ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံရာတွင် ပြောဆိုသွားသည်။
၂ဝ၁ဝ ရွေးကောက်ပွဲ၌ ရွေးချယ်ခံအစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အား တတ်နိုင်သမျှလုပ်ဆောင်ခဲ့ရာ တပ်မတော်အနေဖြင့်လည်း ပြည်သူရွေးချယ်သော လမ်းကြောင်းကို အနှောင့်အယှက်မရှိစေရန် တည်ငြိမ်အေးချမ်းစွာ လျှောက် လှမ်းဖြတ်သန်းနိုင်ရန် တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၅ ဒုတိယအကြိမ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအကြို၊ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန် ကာလများတွင် မိမိတို့၏အခြေခံ သဘောထားရပ်တည် ချက်များကို ထုတ်ဖော်ပြောကြား၍ လွတ်လပ်ပြီးတရားမျှတမှုကို ဖော်ဆောင်ပြသနိုင်ခဲ့ကြောင်း၊ ပြည်သူလူထုဆန္ဒကို ဖြည့်စွမ်းနိုင်သော အစိုးရသည် ရေရှည်ခိုင်မြဲမည်ဖြစ်ကြောင်း၊ ထိုကြောင့်လည်း ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွင် နိုင်ငံရေး ပါတီ၊ အစိုးရများသည် သက်တမ်း ၂ ကြိမ်၊ ၃ ကြိမ်၊ ၄ ကြိမ် စသည့်ဖြင့် ကြာရှည်ခိုင်မြဲပြီး တချို့မှာ သက်တမ်းကာလ မပြည့်မီပင် ကျရှုံးမှုများလည်းရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ဒီမိုကရေစီစနစ်ကိုလက်ခံပြီး ခိုင်မြဲစေလိုပါက လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တရားဥပဒေ လေးစားလိုက်နာရေး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ရေးများ အလေးထားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပတ်သက်၍ တချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် တိုင်းရင်းသားများ၏ အခွင့်အရေးတောင်းဆိုမှုအပေါ် မူတည်ဖြစ်ပေါ်လာသော်လည်း တစ်ချို့အဖွဲ့အစည်းများမှာ ဥပဒေတွင် ပြဋ္ဌာန်းပေးထားပြီးဖြစ်သည့် အချက်အလက်များအား မျက်ကွယ်ပြု၍ အတင်းတောင်းဆိုမှုများလည်းရှိကြောင်း၊ ယင်းအပေါ်တွင် တချို့သော အဖွဲ့အစည်းများက သွေးထိုးရန်တိုက်၍ အမုန်းတရားကြီးမားအောင် လုပ်ဆောင်နေခြင်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မခိုင်မြဲအောင် လုပ်ဆောင်ခြင်းဖြစ်၍ များစွာ အန္တရာယ်ကြီးမားကြောင်း၊ ထို့သို့တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် ပြုမှုပြောဆို ရေးသားလုပ်ဆောင်မှုများ မဖြစ်စေရေး ကြပ်မတ်ထိန်းသိမ်းရန်လိုကြောင်းလည်း ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၆ ရက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၏ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁၁)၏ ၄၇ နှစ်မြောက် ကျောင်းဆင်းပွဲနေ့ ပေးပို့သည့် မေတ္တာမွန် စာလွှာသည် နိုင်ငံနှင့် ပြည်သူလူထု အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိပဲ တပ်မတော် ပြိုကွဲရေး အစိုးရ အဆက်ဆက်၏ နိုင်ငံတော်အတွက် လုပ်ဆောင်ချက်များနှင့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များ အပေါ် ပြည်သူများ အထင်မှား၊ အမြင်မှားဖြစ်စေပြီး အမျိုးသားပြန်လည်ရင်ကြား စေ့ရေး ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည့်အတွက် ကန့်ကွက်ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သေးသည်။