ရန်ကုန်မြို့လယ်ရှိ နှစ်ပေါင်း ၁၀၀ ခန့် သက်တမ်းရှိနေပြီ ဖြစ်သော နေအိမ် အဆောက်အအုံတခုကို နေထိုင်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် ရှေးဟောင်း အမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့အစည်း ၂ ခု တို့၏ အဓိက အားထုတ်မှုဖြင့် အတွင်းအပြင် ပြန်လည်မွမ်းမံခြင်းများ ပြီးစီးအောင် ဆောင်ရွက်နေသည်။
အဆိုပါ ပြန်လည်မွမ်းမံခြင်း စီမံကိန်းကို အာဖဂန်နစ္စတန်နိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခုဖြစ်သော Turquoise Mountain၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) တို့က အဓိက ဦးဆောင်ပြီး ဝေလမင်းသားဖောင်ဒေးရှင်းနှင့် ကနေဒါနိုင်ငံ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဌာနတို့၏ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ကုန်သည်လမ်း၊ အမှတ် ၄၉၁-၅၀၁ တွင် တည်ရှိသည့် အဆိုပါ အဆောက်အအုံတွင် ရန်ကုန်မြို့၏ ကွဲပြားမှု စရိုက်လက္ခဏာကို ထင်ဟပ်နေသည့် တိုင်းရင်းသားပေါင်းစုံနှင့် ကိုးကွယ်မှုပေါင်းစုံတို့ ပါဝင်သော လူဦးရေ ၈၀ ခန့် သို့မဟုတ် မိသားစု ၁၂ စုတို့ စုပေါင်း နေထိုင်လျက် ရှိသည်။ ထို့ပြင် ယင်းအဆောက်အအုံသည် မြန်မာနိုင်ငံ၏ ထင်ရှားသော သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း ကွယ်လွန်သည့် အချိန်အထိ နေထိုင်သွားခဲ့သော ရန်ကုန်နေအိမ်လည်း ဖြစ်ခဲ့ဖူးသည်။
ပြန်လည်မွမ်းမံခြင်းလုပ်ငန်း စတင်သည့် ၂၀၁၅ခုနှစ် မတိုင်မီ တနှစ် အလိုက နေထိုင်သူများသည် ယင်းအဆောက်အအုံကို ပြင်ဆင်ပေးရန် YHT ထံသို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ Turquoise Mountain က ဆောက်လုပ်ရေးနှင့် ပတ်သတ်သော လုပ်ငန်းစဉ်များကို အဓိက ကြီးကြပ်ခဲ့ပြီး YHT က နိုင်ငံခြား အဖွဲ့အစည်းများ၊ နေထိုင်သူများနှင့် ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီတို့ကြား ဆက်နွယ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အခြားသော နိုင်ငံများရှိ မွမ်းမံပြင်ဆင်မှု လုပ်ငန်းများနှင့် မတူဘဲ YHT နှင့်Turquoise Mountain တို့က အဆိုပါအဆောက်အအုံအတွင်း နေထိုင်ကြသော မိသားစုများနှင့် အနီးဝန်းကျင်ရှိ လူမှုအသိုင်းအဝန်းများကို လက်ရှိအတိုင်း ဆက်လက်နေထိုင်စေရင်း မွမ်းမံမှုများ ပြုလုပ်ခဲ့ကာ အဆောက်အအုံ ရေရှည်တည်တံရေးအတွက် နှစ်ဦးနှစ်ဖက် အပြန်အလှန် ထိန်းသိမ်းနိုင်သော အနာဂတ်တခု ဖြစ်ပေါ်လာစေရေးကို ရှေးရှုကြောင်း ဧပြီလ ၂၉ရက်နေ့က Turquoise Mountain နှင့် YHTတို့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ထိုစီမံကိန်းသည် ရန်ကုန်မြို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ဒေသခံများ၊ လုပ်ပိုင်ခွင့်ရှိသူများနှင့် အစိုးရတို့က တန်ဖိုးထားတတ်လာစေရန် အသိပညာပေးခြင်းနှင့် ပိုမိုကျယ်ပြန့်သော မြို့ပြစီမံကိန်းပဏာမလုပ်ဆောင်မှုများကို ချိတ်ဆက်ကူညီနိုင်ရန် ရည်ရွယ်သည်”ဟု သတင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။
အဆိုပါ ပြန်လည်မွမ်းမံခြင်း စီမံကိန်း အစီအစဉ်တွင် လူမှုအသိုင်းအဝန်း ပါဝင်ဆောင်ရွက်ခြင်းကလည်း အထောက်အကူပြုခဲ့ကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။
Turquoise Mountain ၏ အမှုဆောင်အရာရှိချုပ် Shoshana Stewart က လူများက အဆောက်အအုံ ပြန်လည်မွမ်းမံခြင်းအပေါ် တန်ဖိုးထားကြသည်ကို မြင်ရသည့်အတွက် ၎င်းအနေဖြင့် စိတ်လှုပ်ရှားခဲ့ကြောင်း ဧရာဝတီသို့ပြောသည်။
“လူတွေကို အဆောက်အအုံထဲ ခေါ်သွားပြီး ပြသရှင်းပြတဲ့အခါ တပြုံးပြုံးနဲ့ ခေါင်းညိတ်ကြတယ်။ သူတို့ သဘောကျကြတယ်။ အဲဒါကအရေးကြီးဆုံးပါပဲ” ဟု ၎င်းက ဧရာဝတီကို ပြောသည်။
“လူတွေက ဒါကို တန်ဖိုးမထားရင် ဒီမွမ်းမံ ထိန်းသိမ်းတယ်ဆိုတာက လုံးဝကို အရေးမပါတဲ့အရာ ဖြစ်သွားပါလိမ့်မယ်။ ဒီလိုလည်း ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ အရေးကြီးဆုံးက လူတွေ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံတွေကို ကြည့်ပြီး စိတ်လှုပ်ရှားတတ်ဖို့ပါပဲ။ အဲဒီ အဆောက်အအုံတွေမှာ လူတွေနေကြတယ်။ ဖြတ်လျောက်သွားကြတယ်။ မြင်နေရတယ်”ဟု Stewart က ပြောသည်။
ရှေ့ဆက်ပြီး သူမ၏အဖွဲ့အစည်းသည် ရန်ကုန်မြို့လယ်တွင် အလားတူ ထိန်းသိမ်းရေး စီမံကိန်းမျိုးကို ပိုမိုကြီးမားသော အဆောက်အအုံများအတွက် ဆက်လက် ပြုလုပ်လိုကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များနှင့်အတူ စီးပွားရေးအရ အကျိုးအမြတ်ရရှိနိုင်သော ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းမွမ်းမံခြင်း စီမံကိန်းများကို စံနမူနာအဖြစ် ပူးပေါင်းဆောင်ရွက်လိုကြောင်း ၎င်းက ပြောသည်။
YHT ၏ တည်ထောင်သူ ဦးသန့်မြင့်ဦးက အဆိုပါ စီမံကိန်းသည် ရန်ကုန်မြို့လယ်အတွင်း သင့်တင့်လျှောက်ပတ်သော ပြုပြင်ထိန်းသိမ်းမှုများအတွက် အရေးကြီးသည့် နမူနာ ခြေလှမ်းတရပ်ပင် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“သက်တမ်းရင့် အဆောက်အအုံ ဖြိုချမှုတွေကို တရားဝင် ဆိုင်းငံ့ဖို့လိုသလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှုကို ပေါင်းစပ်ပေးမယ့် မူဝါဒအသစ်တွေ၊ စည်းမျဉ်းစည်းကမ်းအသစ်တွေ၊ လုပ်ငန်းစဉ်အသစ်တွေလည်း လိုအပ်ပါတယ်” ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ၎င်းက ပြောသည်။
အဆိုပါ အဆောက်အအုံတွင် ၁၉၅၀ ခုနှစ်ပိုင်းက မွေးဖွားခဲ့သော အသက် ၆၀ အရွယ် ဒေါ်ခင်ဝင်းမော်က ယင်းအဆောက်အအုံသည် သူမ၏ ကလေးဘ၀ အမှတ်တရများ ပြည့်နှက်နေသော နေရာဖြစ်ကြောင်း ပြောပြခဲ့သည်။ သို့သော်လည်း သူမသည် ပြုပြင်မွမ်းမံမှုများ လိုအပ်နေသည့် ယင်းအဆောက်အအုံကို ၂၀၀၇ ခုနှစ်တွင် စွန့်ခွာကာ မရမ်းကုန်းမြို့နယ်ရှိ အဆောက်အအုံ အသစ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ရကြောင်း ဆိုသည်။
“ဒီအခန်းကို ကျမက ကျမရဲ့ မိဘတွေဆီကနေ အမွေရခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ကျမရဲ့အိမ်ဟာ ဒီရန်ကုန်မြို့ရဲ့ သမိုင်းဝင်အမွေအနှစ် အဆောက်အအုံ တခုအဖြစ် ထိန်းသိမ်းခြင်း ခံရတဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်”ဟု ဒေါ်ခင်ဝင်းမော်ကပြောသည်။
၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော YHT သည် ရန်ကုန်မြို့၏ ဗိသုကာ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့သော်လည်း အလျင်အမြန် တိုးတက်လာသော စီးပွားရေးနှင့် ဖွံ့ဖြိုးရေး ဖော်ဆောင်မှုများကြောင့် ရှေးဟောင်းအဆောက်အအုံအများအပြား ဖြိုချခံခဲ့ရပြီး အချို့မှာလည်း ဖယ်ရှားခံမည့် အခြေအနေအောက်တွင် ရောက်ရှိနေသည်။