အစိုးရသစ် လက်ထက်၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲမှု ကဏ္ဍနှင့် စည်းကမ်း ပိုင်း ကဏ္ဍများ အပြောင်းအလဲကို ပထမဆုံး အနေဖြင့် စတင် အကောင်အထည် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။
“စီမံခန့်ခွဲရေးအပိုင်းနဲ့ စည်းကမ်းပိုင်းကို ပထမအဆင့် စလုပ်စေချင်တယ်။ ပြီးရင် အခြေခံအဆောက်အအုံပိုင်းတွေကို စ လုပ်မယ်။ ဘာကြောင့်လဲဆိုရင် စီမံခန့်ခွဲရေးအပိုင်းနဲ့ စည်းကမ်းပိုင်းက ချက်ချင်း အကောင်အထည်ဖော်လို့ရတယ်။ ဇုန်တွေကို ဘယ်လို နည်း လမ်းနဲ့ စက်မှုဇုန် တာဝန်ရှိသူတွေကို ဖွဲ့စည်းမလဲ။ ဒီဖွဲ့စည်းတည်ထောင်ထားတဲ့ စက်မှုဇုန်မှာ ဘယ်လို စည်းမျဉ်းစည်းကမ်း ဘောင် တွေနဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းကမ်းဘောင်တွေနဲ့ ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မလဲ၊ စနစ်တကျ စီမံခန့်ခွဲမှုအပိုင်း ကျနော်တို့ စတင်ချင်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ထိုသို့ဆောင်ရွက်နိုင်ရန် စက်မှုဇုန်များ၏ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်ပပို့ကုန် ထုတ်လုပ်နိုင်မှုပမာဏ၊ အလုပ်အကိုင် အခွင့်အလမ်းပေး နိုင် မှု၊ အမှန်တကယ် စက်မှုဇုန်များတွင် လုပ်ကိုင်နေမှုမရှိဘဲ မြေပိုင်ဆိုင်မှုကိုင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုရှာဖွေ၍ မြေကစားမှုများလုပ်ကိုင်နေမှု စသည့်အခြေအနေများကို သိရှိနိုင်ရန် ဇုန်ကိုယ်စားလှယ်များထံမှ အကြံဉာဏ်ယူ ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
ဝန်ကြီးချုပ်က ဆက်လက်၍“စက်မှုဇုန်တွေမှာ အတိတ်က ဖြစ်ခဲ့တဲ့ အခြေအနေတွေ ရှိနိုင်တယ်။ ဒါတွေကို ပြန်မတူးဆွချင်ဘူး”ဟု ပြောဆိုသည်။
စီမံခန့်ခွဲရေးပိုင်းကို စတင် လုပ်ကိုင်မည့်အပေါ်တွင်လည်း စက်မှုဇုန်များ၌ အဓိကနေရာတွင် တာဝန်ယူထားသူများသည် ခေတ် အဆက်ဆက်တွင် အပြောင်းအလဲမရှိဘဲ နှစ်ရှည်လုပ်ကိုင်နေသူများ ဖြစ်သည့်အတွက် အဂတိလိုက်စားမှုများ ရှိနေခြင်းကြောင့် အလှည့်ကျစနစ်ဖြင့် ပြန်လည် လုပ်ကိုင်သင့်ကြောင်း စက်မှုဇုန်လုပ်ငန်း စီမံခန့် ခွဲမှုပိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။
“စက်မှုဇုန်တွေက အချို့သော ဥက္ကဋ္ဌ တို့ ဒုဥက္ကဋ္ဌတို့က လခ မစားဘဲ အကျိုးဆောင်နေတာဆိုပေမယ့် လုပ်ပိုင်ခွင့်တွေ ယူနေကြ တာတွေ ရှိတယ်။ ဒီတော့ နှစ်နှစ်ကို တကြိမ်လောက် ပြောင်းလဲသင့်တယ်။ ဝန်ကြီးချုပ်က အတိတ်ကို ပြန်မတူး ဆွချင်ဘူး အနာ ဂတ် ကိုပဲ ကြည့်မယ်ဆိုပေမယ့် သင်ခန်းစာကတော့ မယူဘဲ လုပ်လို့မရဘူး။ လုပ်ပိုင်ခွင့်တွေ ထပ်ရရင် အလွဲသုံးစားမှုတွေ ထပ်ဖြစ် မယ်။ လာဘ်စားတာတွေ ရှိနေဦးမှာပဲ”ဟုလည်း ၎င်းက ပြောဆိုသည်။
၂၀၁၄ ခုနှစ်တွင် ဒုသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်ပြီး စက်မှုဇုန်များ၌ အလုပ်မလုပ်သော ဂိုဒေါင်၊ မြေကွက် များကို ပြန်လည် သိမ်း ယူမည့် စီမံချက်ချ လုပ်ကိုင်ခဲ့သော်လည်း ပိုင်ဆိုင်သည့် လုပ်ငန်းရှင်များသည် ပုဂ္ဂလိက လုပ်ငန်းရှင်များထက် ဌာနဆိုင်ရာများနှင့် နိုင်ငံခြားသား လုပ်ငန်းရှင်များက အဓိက ပိုင်ဆိုင်ထားမှုများကြောင့် အကောင်အထည်ဖော်ဆောင်မှု မတွေ့ရှိရတော့ကြောင်း စက်မှုဇုန်လုပ်ငန်းရှင် တဦးကလည်း ပြောသည်။
ပြည်တွင်း စက်မှုဇုန်များ၏ အခြေခံ အဆောက်အအုံပိုင်းတွင် လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ ငွေကြေး အရင်းအနှီး ရရှိရေး၊ ကျွမ်းကျင်လုပ်သား ရရှိရေးနှင့် ကျူးကျော်ပြဿနာတို့သည် ဖြေရှင်းရမည့် အခြေအနေဖြစ်ပြီး ယခုအခါတွင် စက်မှုဇုန်များ၌ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် စွန့်ပစ်အမှိုက်များ၏ ပြဿနာများကလည်း ရှိနေသည်ဟု ဆိုသည်။
စက်မှုဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုပ်ငန်းပေါင်း ၄၄၇၀၀ ရှိသည့်အနက် ၆၂ ရာခိုင်နှုန်း သည် စားသောက်ကုန်ထုတ် လုပ်ငန်းများဖြစ်ပြီး အိမ်တွင်းစက်မှုလုပ်ငန်းပေါင်း ၁၉၀၀၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံ စက်မှုကုန် ထုတ်လုပ်သူများ အသင်းမှ သိရသည်။