ရက္ခိုင့်တပ်မတော်(AA) တပ်ဖွဲ့သည် ၂၀၁၅ ခုနှစ်ကပင် လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့သော်လည်း သမ္မတ ဦးထင်ကျော်လက်ထက်တွင် စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒထုတ်ဖော်ခြင်း၊ အရေးကြီး အဆိုတင်သွင်းခြင်းတို့ကို ပြုလုပ်၍ အစိုးရသစ်ကို နိုင်ငံရေး အကျပ်အတည်း တရပ် ဖြစ်ပေါ်စေရေးအတွက် ပုံဖော်ဖန်တီးနေသည်ဟု ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောဆိုလိုက်သည်။
ယနေ့ မေ ၄ ရက် ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်၏ မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်တပ်ဖွဲ့တို့အကြား ရခိုင်ပြည်နယ်အတွင်း ယခုတလော တကျော့ ပြန် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ချင်းရပ်စဲပြီး AA လက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုအပေါ် ကာကွယ်ရေးဝန်ကြီးက ပြန်လည် ရှင်းလင်းစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“တနည်းအားဖြင့် AA လက်နက်ကိုင်အဖွဲ့ဟာ ဒီမိုကရေစီအဖွဲ့ကို လက်နက်စွဲကိုင် တိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ မိမိတို့ လိုလားချက်တွေကို လွှတ်တော်ကတဆင့် တင်ပြခွင့်ရနေပြီ ဖြစ်ပါတယ်။ လက်ရှိ သမ္မတ ဦးထင်ကျော် ဦးစီးတဲ့ နိုင်ငံတော် အစိုးရ ကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်ရေးတို့ကို ဦးစားပေး ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စဖြစ်ပါတယ်”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။
စစ်ဘက်အရပ်ဘက် ဆက်ဆံရေးကို လေ့လာစောင့်ကြည့်သုံးသပ်နေသော တကောင်းအင်စတီကျူ့၏ executive director ကိုရဲက “တပ်အနေနဲ့ သမ္မတကြီး ဦးထင်ကျော် ဦးဆောင်တဲ့အစိုးရနဲ့ လက်တွဲပြီး ဆောင်ရွက်နေတယ်၊ မကွဲဘူးဆိုတဲ့သဘောကို ကာကွယ်ရေးဝန်ကြီးက ထင်သာမြင်သာဖြစ်စေချင်ပုံရတယ်” ဟု ပြောဆိုသည်။
AA အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းကို ၂၀၁၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က စတင် ဝင်ရောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ကျရောက်ဆဲဖြစ်သည့် အမျိုးသားရေး အန္တရာယ်များကို မျက်ကွယ်ပြု၍ တိုင်းရင်းသားများအရေးကို ဦးစားပေး ကာကွယ် ဆောင်ရွက် နေသည့် တပ်မတော်ကို စတင်တိုက်ခိုက်ခြင်းသည် အမျိုးသားရေး အန္တရာယ်ကို လက်ကမ်းခေါ်နေခြင်း အပြုအမှုသာဖြစ်ကြောင်း တပ်မတော်က ပြောသည်။
ယခုကဲ့သို့ ရခိုင်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလာခြင်းသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်းစစ်ရပ်စဲရေးတို့အတွက် လာမည့် တလ ၂ လအတွင်း “၂၁ ရာစု ပင်လုံညီလာခံ” စတင်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
အမျိုးသား လွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး စိုးရွှေက “AA သောင်းကျန်းသူ အဖွဲ့အနေဖြင့် ငြိမ်းချမ်းနေသော ရခိုင် ပြည်နယ်အတွင်းသို့ တတိယအကြိမ် ဝင်ရောက်လာပြီးမှ တိုက်ပွဲဖြစ်စဉ်များအပေါ် ကြေညာချက်ထုတ်ပြန်ခြင်း၊ မဟုတ်မမှန် စွပ်စွဲခြင်း၊ ယခုကဲ့သို့ အရေးကြီးအဆို တင်သွင်းခြင်းတို့မှာ ရည်ရွယ်ချက်ရှိရှိဖြင့် မရိုးသားသော အကြံအစည်များ ရှိနေပြီး လက်ရှိ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအပေါ် နိုင်ငံရေးအရ ဖိအားပေးလိုခြင်းကြောင့်သာ ဖြစ်နိုင်ကြောင်း သုံးသပ်ဆွေးနွေးအပ်ပါတယ်”ဟု တင်ပြပြောဆိုသည်။
တကောင်းအင်စတီကျူ့က ကိုရဲကမူ “တပ်မတော်အနေနဲ့ ဒါဟာ နိုင်ငံရေးပြဿနာမဟုတ်ဘူး၊ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုတဲ့ သောင်းကျန်းသူတွေရဲ့ အန္တရာယ်သာဖြစ်တယ် ဆိုနေပေမယ့် အပစ်ရပ် စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ AA၊ MNDAA၊ TNLA တို့ ဆွေးနွေးပွဲတွေမှာ ပါဝင်ရေးကို ပြောနေကြတယ်” လို့ ထောက်ပြပြောဆိုပြီး “နိုင်ငံရေးဆွေးနွေးပွဲတွေမှာ AA မပါဖို့ တပ်အနေနဲ့ ဆက်ပြီး ကန့်ကွက်သွားမယ့် သဘောရှိတယ်။ အဲဒါဆိုရင် အားလုံးပါဝင်ရေးဆိုတဲ့ လက်မှတ်မထိုးတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ မူနဲ့က ဆက်ပြီး ထိပ်တိုက်တွေ့နေမယ်။ ဒါဆို အစိုးရသစ်အတွက် စိန်ခေါ်မှုအဖြစ် ဆက်ရှိနေမယ်”လို့လည်း ကောက်ချက်ချ သုံးသပ်ပါတယ်။
အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်လည်းဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း အလွန်နီးစပ်သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက ယခုဆွေးနွေးသည့် အဆိုကို အမျိုးသား လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိရန် အကြံပြုခဲ့သည်။
ဦးမင်းဦးက ယခု အရေးကြီးအဆို၏ ရည်ရွယ်ချက်နှင့် စေတနာကို လေးစား နားလည်ကြောင်း၊ ဒေသတွင်း စစ်မက် ဖြစ်ပွားခြင်း၊ တိုက် ခိုက်ခြင်းတို့ကို ရပ်ဆိုင်းပြီး ရေရှည် တည်တံ့ခိုင်မြဲမည့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တင်သွင်းခဲ့သည့် အဆိုတရပ်ဖြစ်သည့်အတွက် ကြိုဆိုသော်လည်း လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်နေမှုနှင့် လက်တွေ့ဖြစ်နိုင်သည့် မူဘောင်အတွင်းက တည်တံ့ခိုင်မာသည့် သဘောတူညီမှု ရရှိရေးတို့အတွက် အလေးအနက် စဉ်းစားချင့်ချိန်ရမည့် ကိစ္စဖြစ်သည်ဟု ဆိုသည်။
ထို့နောက် လွှတ်တော်က အဆိုကို မှတ်တမ်းအဖြစ် ထားရှိရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူများသည့်အတွက် လွှတ်တော်မှတ်တမ်း အဖြစ် ထားရှိရန် အမျိုးသား လွှတ်တော်က ဆုံးဖြတ်ခဲ့ပြီး တပ်မတော်နှင့် တိုင်းရင်းသားများကြား မကျေလည်မှုများကို NLD အစိုးရက လွှတ်တော်တွင် မည်သူ့ဘက်မှ မလိုက်ဘဲ ကြားနေသည့် ပုံစံမျိုးဖြင့် ဖြေရှင်းနိုင်ခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။
တပ်မတော်ကိုယ်စားလှယ်များ၏အဆို AA အဖွဲ့သည် မြန်မာပြည် မြောက်ပိုင်း လဂျန်းယန်းဒေသများတွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) နှင့်အတူ တပ်မတော် စစ်ကြောင်းများကို ၂၀၁၂၊ ၂၀၁၃ ခုနှစ်များတွင် တိုက်ခိုက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် လောက်ကိုင်ဒေသတွင် MNDAA နှင့်အတူ တပ်မတော်ကို ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းသို့ ၃ ကြိမ် ဝင်ရောက်ခဲ့ပြီးနောက် တပ်မတော်နှင့် ထိတွေ့မှု ၄၂ ကြိမ်၊ တပ်မတော် က ဖော်ထုတ် ရှင်းလင်းမှု ၁၃ ကြိမ်၊ AA အဖွဲ့ဝင်များ ဖမ်းဆီးရမိမှု ၁၉ ကြိမ် ရှိခဲ့ကြောင်း၊ လက်နက် ၉၄ လက်၊ ဖမ်းဆီးရမိသူ ၃၄ ဦးနှင့် အလင်းဝင်သူ ၁၃ ဦး ရှိခဲ့ကြောင်း သိရသည်။