နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့၏ အသရေ ပျက်စေသည့် ဓာတ်ပုံများ တင်နှင့် အမျိုးသား ရင်ကြားစေ့ရေးကို ထိခိုက်စေရန် လှုံ့ဆော် ရေးသားနေခြင်းတို့ကြောင့် ဆိုကာ မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ အား ကန်ကြီးထောင့် မြို့မ ရဲစခန်း တွင် ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ကာ တရားစွဲဆိုလိုက်ကြောင်း သိရသည်။
“လောလောဆယ် တရားခံကို ကူညီစုံစမ်း ဖမ်းဆီးပေးပါဆိုပြီး မင်္ဂလာဒုံမြို့မ ရဲစခန်းကို လှမ်းပြီး အကြောင်းကြားထား တယ်။ ဒီကနေ ဖက်စ်နဲ့ လှမ်းပို့ထားတယ်” ဟု ကန်ကြီးထောင့်မြို့မ ရဲစခန်းမှ ရဲအုပ် သိန်းလွင်က ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာဒုံ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ရဲစခန်းသို့ မည်သည့်အကြောင်းကြားစာမှ မရောက်ရှိသေးကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်း ဒုရဲမှူး ထွန်းထွန်းသန်းက ရှင်းပြသည်။
ဦးနေမျိုးဝေ ကို အရေးယူပေးရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ/ဆရာမ များ အဖွဲ့ချုပ် အလုပ် အမှုဆောင် ဦးဝေယံအောင်က အရေးယူပေးရန် မေလ ၃ ရက်နေ့ က တိုင်ကြားခဲ့သဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“အခုလုပ်တဲ့ ကိစ္စက ပုဂ္ဂိုလ်ရေး မုန်းတီးမှု မဟုတ်ဘူး။ လူအများ သုံးစွဲနေတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တမင်တကာ သွေးထိုး လှုံ့ဆော်နေတဲ့သူတွေကို ဖော်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက် တခုတည်းနဲ့ လုပ်တာဖြစ်ပါတယ်” ဟု တိုင်ကြားသူ ဦးဝေယံအောင်က ဧရာဝတီသို့ ပြောသည်။
ဖေ့စ်ဘုတ် စာမျက်နှာထက်တွင် စာနှင့် ဓာတ်ပုံများ တင်သည့်အခါ မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဟု ရေးသားထားပြီး ဖုန်းနံပါတ်များကိုလည်း ထည့်သွင်းဖော်ပြထားခြင်း၊ ဦးနေမျိုးဝေ အနေဖြင့် ၎င်း၏အကောင့် အစစ်အမှန် မဟုတ်ပါက ပါတီ၊ ရာထူးနှင့် ဖုန်းနံပါတ်များကို အလွဲသုံးစား ပြုလုပ်နေသည့် အကောင့်ကို Report ပြုလုပ် နိုင်သော်လည်း တုံ့ပြန်မှု မလုပ်ခြင်းကြောင့် နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့၏ အသရေ ကို ထိခိုက်စေသည့် စာနှင့် ဓာတ်ပုံများ တင်နေသူသည် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဖြစ်နိုင်သည် ဟု ယုံကြည်ကြောင်း ၎င်းက ရှင်းပြ သည်။
ရဲတပ်ဖွဲ့ က ဦးနေမျိုးဝေ နေထိုင်ရာ အမှတ် ၂/ ၂၃၂၊ မဟော်ဂနီလမ်း၊ တိုးချဲ့ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ် သို့ သွားရောက်ဖမ်းဆီးရာတွင် အိမ်တံခါး သော့ခတ်၍ ထွက်ပြေး ရှောင်တိမ်းနေကြောင်း၊ နေအိမ်တွင် မရှိသည်မှာ ၃ ရက်ခန့်ရှိပြီ ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ကောလာဟလ များ ထွက်ပေါ်လျက်ရှိသည်။
ယင်းကဲ့သို့ သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီ ဒုဥက္ကဋ္ဌ-၂ ဟုဖော်ပြထားသော Thiri Maung ဆိုသည့် ဖေ့စ်ဘုတ် အကောင့်တွင် ဦးနေမျိုးဝေ ၏ ဗီဒီယိုဖိုင်တခု ကိုလည်း ယနေ့ မနက် နံနက် ၇ နာရီ ၃၀ မိနစ် က တင်ထားကြောင်း သိရသည်။
ယင်းဗီဒီယိုဖိုင်တွင် ဦးနေမျိုးဝေက ထောက်ကြန့်မြို့ ရှိ ဘာလား ရေကန် အနီးတွင် ရှိနေကြောင်း ပြောဆိုထားကာ ရှေ့ဆက် လုပ်ဆောင်မည့် အကြောင်းအရာများကို လည်း ပြောဆိုထားသည်။
ဖြစ်စဉ်များနှင့် ပတ်သက်၍ ကာယကံရှင် ဦးနေမျိုးဝေ သို့ ဧရာဝတီ က ဖုန်းဆက် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ဖုန်းမှာ စက်ပိတ် ထားသောကြောင့် ဆက်သွယ်၍ မရခဲ့ပါ။
ယခင် အစိုးရ လက်ထက်ကလည်း နိုင်ငံတော်အကြီးအကဲများ ၏ အသရေ ကို ထိခိုက်စေသည့် ဓာတ်ပုံများ တင်သည်ဟုဆိုကာ မချောစန္ဒီထွန်း၊ ဦးပက်ထရစ်ခွန်ဂျာလီ စသည့် သူများကို ဆက်သွယ်ရေး ပုဒ် ၆၆ ဃ ဖြင့် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။