မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ကျေးရွာပေါင်း ၁၀၀ ကျော် သောက်သုံးရေ ရရှိရေး အတွက် ငွေကျပ် သန်း ၂ ထောင်ကျော် သုံးစွဲသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးမျိုးနိုင်အောင်က ပြောသည်။
တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၂ မြို့နယ် မှ ကျေးရွာပေါင်း ၁၆၁ ရွာတွင် သောက်သုံးရေ ရရှိရေး လုပ်ငန်းများအား ယခု ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းများ အတွက် တင်ဒါ ခေါ်ယူထားရာ မေလကုန်တွင်
တင်ဒါရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
“တောင်သာဘက်က တချို့ရွာတွေမှာ အဝီစိတွင်းတူးဖို့ အခက်အခဲ ရှိပါတယ်၊ တွင်းပြိုတဲ့ ပြဿနာ မကြာခဏ ကြုံရပါတယ်။ ဒီလို ကျေးရွာတွေမှာ မိုးရေလှောင်ကန်တွေ လုပ်ပေးဖို့ရှိပါတယ်” ဟု ညွှန်ကြားရေးမှုး ဦးမျိုးနိုင်အောင်က ပြောသည်။
ကျေးလက်ရေရှိရေး အတွက် တွင်းတိမ်များ၊ စက်ရေတွင်းနှင့် လက်တူးတွင်းများ တူးဖော်ခြင်း၊ မြေသားကန်များ ပြန်ဆည်ခြင်း၊ မိုး ရေလှောင်ကန်များ တည်ဆောက်ခြင်းနှင့် စက်ရေတွင်း မော်တာများ လဲလှယ်ခြင်းတို့
ဆောင်ရွက်သွားမည်ဖြစ်ပြီး လျာထား ဘတ်ဂျတ် ငွေ စုစုပေါင်း ငွေကျပ် ၂၁၈၇ ဒဿမ ၆ သန်း ဖြစ်ကြောင်း သိရသည်။
အယ်လ်နီညို ရာသီဥတုကြောင့် ရေရှားပါး ပြတ်လတ်နိုင်သည့် ကျေးရွာများကို ကြိုတင်စာရင်း ပြုစုခဲ့သဖြင့် မတ်နှင့် ဧပြီလအတွင်းက ရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများ အချိန်မီ ဖြန့်ဝေ ပေးနိုင်ခဲ့သည်ဟု သိရသည်။
မိတ္ထီလာခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှုး ဦးသင်းမင်းလတ် ကလည်း “အရင်ကတော့ ကြိုတင် ချိတ်ဆက်မှု အားနည်းလို့ ဘယ်ရွာမှာ ရေပြတ်နေလဲဆိုတာ မသိနိုင်ခဲ့ဘူး။ အခုတော့ ဖေ့စ်ဘုတ်လို လူမှု ကွန်ရက် တွေရှိလာတော့ ရွာတွေကလည်း ဌာနကို လှမ်းပြီး ဆက်သွယ် သတင်းပို့ တာတွေ ရှိတယ်” ဟု ရှင်းပြသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလ မှ ဧပြီလ အထိ မန္တလေးတိုင်း အတွင်းမှ ကျေးရွာပေါင်း ၁၀၀ ကျော် အတွက် ရေ ဂါလံပေါင်း ၆ သိန်းကျော် ဖြန့်ဝေ ပေးခဲ့ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
တောင်သာမြို့နယ်သို့ ရေသွားရောက် လှူဒါန်းသည့် ပုဂ္ဂလိက အဖွဲ့အစည်းတခုမှ တာဝန်ရှိသူ တဦးက
“ရေရှားတဲ့ရွာ တွေကျတော့ သောက်စရာရေ ကို မရှိလောက်အောင် ရှားပါတယ်။ ဒါပေမဲ့ အခုတော့ ဌာနကရော၊ ပုဂ္ဂလိက အလှူရှင်တွေကပါ တရက်ခြားစီ လောက်ရောက်ကြတော့ အရင်ကထက် စာရင် အတန်အသင့် အဆင်ပြေပါတယ်” ဟု ပြောသည်။