နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်တို့ကို လူမှုကွန်ရက် စာမျက်နှာတွင် ဆဲဆိုစာများနှင့် မဖွယ်မရာပုံများ ရေးသား ဖော်ပြ ခဲ့သူဟု ယူဆရသည့် ဦးနေမျိုးဝေကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ပုသိမ်ထောင်တွင် ဖမ်းဆီးထိန်း သိမ်းထားပြီး စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောသည်။
“ကိုနေမျိုးဝေကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးပြီး မနေ့က ညတွင်းချင်း ပုသိမ် ထောင်ကို ခေါ်ဆောင်လာပြီး ထိန်းသိမ်းထားပါတယ်။ ဒီနေ့ တရားရုံးချုပ်မိန့် ရမာန်ယူထားပြီး ရဲတပ်ဖွဲ့ အနေနဲ့ စစ်ဆေးစရာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်”ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ထိပ်တန်း အရာရှိ တဦးက ဧရာဝတီကို ပြောသည်။
နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီတို့ကို ဆဲဆိုထားသည့်ပုံနှင့်စာများ လူမှုကွန်ရက်တွင် ရေးသားဖြန့်ချီခဲ့သည်ဟုဆိုကာ မတူ ကွဲ ပြား ခြင်း နှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးဝေယံအောင်က ကန်ကြီးထောင့်မြို့မရဲစခန်းတွင် မေလ ၃ ရက်နေ့က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ဦးဝေယံအောင်၏ တိုင်ကြားမှုအပေါ် ကန်ကြီးထောင့်မြို့မရဲစခန်းက လက်ခံခဲ့ပြီး ဦးနေမျိုးဝေအား ပြစ်မှုနံပါတ် ၉၀/၂၀၁၆၊ အီလက်ထရောနစ်နှင့် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာမခံပေး၍မရသည့် ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခံထားရသူ ဦးနေမျိုးဝေကို ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးက ဦးဆောင်ဖမ်းဆီးခဲ့ရာ ယမန်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်း ၂၃ မိုင် ၂ ဖာလုံတွင် ဖမ်းမိခဲ့ပြီး
ယမန်နေ့ ညပိုင်းက ကန်ကြီးထောင့်မြို့နယ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီအမှုနဲ့ပတ်သတ်ပြီး ကျနော့်ဘက်က သက်သေ ၃ ဦးတင်ပြထားတယ်။ ပြီးတော့ နေမျိုးဝေအကောင့်က ရေးသားချက်တွေကို Screeshot ရိုက်ထားတဲ့ဓာတ်ပုံတွေနဲ့တကွ တင်ပြထားတယ်။ အခုလို အမှုဖွင့်ရတဲ့ အဓိကရည်ရွယ်ချက်က လူမှုကွန်ရက်မှာ သွေးထိုးလှုံ့ဆောင်တဲ့လူတွေကို ဖော်ထုတ်ချင်လို့ လုပ်တာပါ”ဟု တရားလို ဦးဝေယံအောင်က ပြောသည်။
ဦးနေမျိုးဝေအမှုမှာ ကန်ကြီးထောင့်တရားရုံးက ဒုတိယမြောက် လက်ခံစစ်ဆေးရမည့် ပုဒ်မ ၆၆ (ဃ) အမှုဖြစ်သည်။ ယမန်နှစ် စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို မဖွယ်မရာပြုလုပ်၍ Thu Thu အမည်ရှိ အကောင့်ဖြင့် လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သူ ကန်ကြီးထောင့်မြို့နယ်၊ ကြံ့ခိုင်ရေးပါတီ၊ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးစည်သူအောင်က ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ရာ ကန်ကြီးထောင့်မြို့နယ်တရားရုံးက ဦးသန်းထွန်းကို ထောင်ဒဏ် ၆ လ အပြစ်ပေး ခဲ့သည်။