ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့နှင့် ဆက်နွယ်မှုကြောင့် စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသူ ၃၅ ဦးကို ကျောက်ဖြူနှင့် သံတွဲအကျဉ်းထောင်များသို့ မေလ ၄ ရက်က ရွေ့ပြောင်းခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ၂၀၁၅ ခုနှစ်အတွင်းက တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ဖမ်းဆီးခံရသူ များဖြစ်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေ ၁၇ (၁)၊ ၁၇ (၂) တို့ဖြင့် တရားစွဲဆို ထောင်ဒဏ်ချမှတ်ခံရသူ များဖြစ်သည်ဟု ထောင်ဒဏ်ကျခံရသူများအား ကူညီဆောင်ရွက်ပေးနေသည့် ဦးနိုင်နိုင်က ပြောသည်။
“ကျောက်ဖြူကို ၂၀ ဦး၊ သံတွဲကို ၁၅ ဦး ထောင်ရွေ့ပြောင်းပို့လိုက်တယ်၊ AA တပ်ဖွဲ့နဲ့ ပတ်သက်တဲ့သူတွေကို တနေရာထဲ အများကြီး စုမထားချင်လို့ဖြစ်မယ်။စစ်တွေထောင်ထဲမှာ အမိန့်ချပြီးသား ၄ ယောက် ကျန်ခဲ့တယ်” ဟု ဦးနိုင်နိုင်က ဆိုသည်။
ပြီးခဲ့သည့် မေလ ၁ရက်နေ့က ရခိုင်ပြည်နယ်အတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေးနှင့် ပတ်သက်ပြီး စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့ကြီး ၈ မြို့တွင် ဆန္ဒဖော်ထုတ်မှုများကို ဒေသခံများက ပြုလုပ်ခဲ့ကြသည်။
၁၉၈၈ ခုနှစ်ကလည်း စစ်တွေအကျဉ်းထောင် အပြင်ဘက်တွင် ဆန္ဒပြသမှုနှင့် ထောင်တွင်း ဆန္ဒပြသမှုများ တပြိုင်တည်း ဖြစ်ပွားခဲ့ရာ ထောင်ပွင့်ထွက်သည့်အထိ ဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်ကြောင့် အကျဉ်းသား ၁၁ ဦး သေးဆုံးခဲ့ရသည့်ဖြစ်ရပ် ပေါ်ပေါက်ခဲ့ဖူးသဖြင့် ကြိုတင်ကာကွယ်သည့် အနေဖြင့် အကျဉ်းသားများကို ရွေ့ပြောင်းခြင်း ဖြစ်နိုင်ကြောင်း ဦးနိုင်နိုင်က ဆိုသည်။
ပြီးခဲ့သည့် မေလ ၅ ရက်နေ့က အစိုးရတပ်မတော်နှင့် AA တပ်ဖွဲ့တို့၏ တိုက်ပွဲများအတွင်း ဖမ်းဆီးခံရကာ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည့် AA တပ်ဖွဲ့ဝင် ၁၃ ဦးကို စစ်တွေတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
၎င်းတို့ ၁၃ ဦး၏ တရားရုံးထွက်ဆိုချက်များတွင် AA တပ်ဖွဲ့မှဖြစ်သည်ဟု ဝန်ခံပြောကြားထားသူများဖြစ်ပြီး အရာရှိတဦး လည်း ပါဝင်ကြောင်း ဦးနိုင်နိုင်က ဆက်ပြောသည်။
ယခုနှစ် ဧပြီလအတွင်း တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ကြေညာထားသည်။ စစ်ပွဲအတွင်း ဒေသခံဦးရေရာချီ စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း ရခိုင်အမျိုးသားပါတီမှ ဦးဇော်ဝင်းက ပြောသည်။
မေလ၂ ရက်က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ ဦးဝေစိန်အောင်က ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများ ရပ်တန့်ရေးနှင့် AA အား နိုင်ငံရေးဆွေးနွေးပွဲသို့ ဖိတ်ခေါ်ရေး ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့ရာတွင် လွှတ်တော်က ထိုအဆိုကို မှတ်တမ်းအဖြစ်သာထားရှိရန် ဆုံးဖြတ်ခဲ့သည်။