မြန်မာနိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံတို့ကြား စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ့တပ်မတော်၏ ရည်မှန်းချက်ဖြစ်သည့် Standard Army ဖြစ်လာရေးကို အထောက်အကူ ဖြစ်စေကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းလွင်က ပြောသည်။
“နိုင်ငံကို ကာကွယ်ရေးအတွက် မြန်မာ့ တပ်မတော်ကို Standard Army အဖြစ် မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းများကိုလည်း အထောက်အကူ ဖြစ်စေပါတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံတော် သမ္မတမှ ပေးပို့သည့် မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးရန်ကိစ္စ ပြည်ထောင်စု လွှတ်တော်၌ ထောက်ခံဆွေးနွေးစဉ် ဗိုလ်မှူးချုပ် သန်းလွင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံရှိ တက္ကသိုလ်များတွင် မဟာဘွဲ့များ၊ ပါရဂူဘွဲ့များအတွက် မြန်မာနိုင်ငံမှ ကျောင်းသားများ တက်ရောက်လေ့လာ ဆည်းပူးလျက်ရှိကြောင်း၊ ၂ နိုင်ငံကြားတွင် ယခင်ကတည်းက ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများ ရှိခဲ့သည်ဟု ယင်းတပ်မတော်သား ကိုယ်စားလှယ်က ပြောသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝေကလည်း ယခုကဲ့သို့ ၂ နိုင်ငံကြား စစ်ဘက်ဆိုင်ရာ သဘောတူ လက်မှတ်ရေးထိုးမှုသည် မြန်မာနိုင်ငံ၏ လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေး မူဝါဒအရ အနည်းငယ် စိုးရိမ်စရာ ဖြစ်သော်လည်း ရှေရှည်အကျိုး စီးပွားကို မျှော်ကိုး၍ သဘောတူကြောင်း လွှတ်တော်တွင် ပြောကြားခဲ့သည်။
မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်တွင် ၂ နိုင်ငံ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ သဘောထား အမြင်နှင့် သတင်းအချက်အလက် ဖလှယ်ရေး၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး၊ နိုင်ငံတကာ လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး ဆောင်ရွက်မှုများကို တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များတွင် သဘောထားအမြင်နှင့် သတင်းအချက်အလက်များ ဖလှယ်ရေးတို့ ပါဝင်သည်ဟု သိရသည်။
ထို့အပြင် ၂ နိုင်ငံ တပ်မတော်များ၏ လုပ်ငန်းများနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ပတ်သက်၍ သတင်း အချက်အလက်များ ဖလှယ်ရေး၊ စစ်ဘက်ဆိုင်ရာ ဆေးပညာ အတွေ့အကြုံ ဖလှယ်ရေး၊ စစ်သုံးမြေပုံ ရေးဆွဲရေး၊ အားကစား၊ ယဉ်ကျေးမှုနှင့် တပ်မတော်သားများ၏ အပန်းဖြေရေး (ပြန်လည် သန်စွမ်းရေး) ကဏ္ဍများတွင် ဆက်ဆံရေး တိုးမြင့်ရေးနှင့် ကုလသမဂ္ဂ ဦးဆောင်သည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်း အတွေ့အကြုံများ ဖလှယ်ရေးစသည့် ကိစ္စရပ်များလည်း ပါဝင်သည်ဟု သိရသည်။
NLD ပါတီမှ သံလျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သူ ဦးလွင်ကိုလတ်က မြန်မာသည် ရုရှားနှင့် စစ်ဘက် ဆက်ဆံရေး ထူထောင်လိုက်သဖြင့် တခြားနိုင်ငံ တခုခုနှင့် ဆက်ဆံရေး ထိခိုက်လိမ့်မည်ဟု မထင်ကြောင်း၊ ရုရှားနှင့် ဆက်ဆံရေး ရှိထားသကဲ့သို့ အမေရိကန် အပါအဝင် တခြားနိုင်ငံများနှင့်လည်း စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရှိလာဦးမည်ဟု ထင်မြင်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးလွင်ကိုလတ်က “နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စမှာ တနိုင်ငံချင်းနဲ့ Agreement တွေလုပ်ပြီးတော့ ဆောင်ရွက်တာတွေ ရှိသလို နိုင်ငံတကာ အုပ်စုတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားမျိုးလည်း ရှိတယ်။ လက်ရှိကလည်း အစ္စရေးနဲ့ ရှိထားပြီးပြီ။ ရုရှားနဲ့ ရှိလာတဲ့အပေါ်မှာ ကျနော်လည်း သဘောတူတယ်” ဟု ပြောသည်။
သမ္မတ ဦးထင်ကျော် အဆိုပြုလာသည့် ရုရှား-မြန်မာ စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ လက်မှတ်ရေးထိုး နိုင်ရေးကိစ္စကို တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းလွင်၊ NLD ပါတီ ဖောင်းပြင်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝေ၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဖာပွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းမြအောင်တို့က ထောက်ခံဆွေးနွေးကြပြီး ပြည်ထောင်စု လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု ဗိုလ်ချုပ် မြင့်နွယ်က “မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆက်ဆံရေး သဘောတူညီမှု စာချုပ်အား လက်မှတ်ရေးထိုးနိုင်ရန်” အတွက် ၂၀၁၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူနိုင်ရန် တင်ပြခဲ့ခြင်း ဖြစ်သည်။