တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း၍ ၅ နှစ်အတွင်း ငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယမန်နေ့ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသွားသည်။
နေပြည်တော်တွင် မေလ ၁၃ ရက်နေ့ ကျင်းပသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအပါအဝင် သတင်း မီဒီယာများနှင့်တွေ့ဆုံစဉ် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်အကြား ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေကြောင်း ပြောဆိုသည်။
“ကျနော်တို့ ဒီဒုတိယငါးနှစ်မှာ တစ်ကယ်ငြိမ်းချမ်းရေးရအောင် လုပ်ချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျနော် ပြောပါတယ်။ အစ်မရေ ဒီကာလကတော့ ငြိမ်းချမ်းရေးရအောင် လုပ်ရလိမ့်မယ်။ သူလည်း ဒါကို လက်ခံပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
တပ်ချုပ်မင်းအောင်လှိုင်က တပ်မတော်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းပြည် ကောင်းမွန်စေရန် လုပ်ဆောင်မှုမှန်သမ ျှကို ဝိုင်းဝန်းကူညီဆောင်ရွက်မည်ဟု ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က လာမည့် လပိုင်းအတွင်း ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည်ဟု ပြောဆိုထားပြီး အဆိုပါ ပင်လုံညီလာခံ ကျင်းပမည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်နှင့်ပတ်သက်၍ တပ်မတော်က သဘောတူကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပင်လုံ ဆိုသည်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက် လုပ်ခဲ့ သည့် အထိမ်းအမှတ် ဖြစ်ကြောင်း၊ ယင်းကိုအခြေပြုပြီး ၂၁ ရာစု ပင်လုံညီလာခံဟု သုံးနှုန်းခြင်း ဖြစ် ကြောင်း၊ တပ်မတော် အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ အောင်မြင်စေလိုကြောင်း၊ NCA လက်မှတ် ရေးထိုးပြီး နောက်ပိုင်း ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၏ အဆက်ပင်ဖြစ်ကြောင်း၊ ယင်းအတိုင်း ဆက်လက် လုပ်ဆောင်သွားရမှာဖြစ်ပြီး ပြင်ဆင်ရန် လိုအပ်သည်များလည်း ဖြစ်ပေါ်လာ နိုင် ကြောင်း ၊ အားလုံး ပါဝင်ရမည် ဖြစ်သော်လည်း လူများပြီးပွဲမစည်ဆိုတာမျိုး ဖြစ်လို့မရကြောင်း၊ တိုင်းပြည်၏ စည်းလုံး ညီညွတ်ရေးကို ဖော်ဆောင်ပေးနိုင်မည့် ညီလာခံမျိုးဖြစ်ရန်လိုအပ်ကြောင်း ပြောဆိုသည်။
ထို့ပြင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် နိုင်ငံတော်၏ အကြီးအကဲဖြစ်ပြီး တပ်မတော်သည် နိုင်ငံတော် သမ္မတ၏ လက်အောက်တွင် ရှိနေကြောင်း၊ ၎င်းအနေဖြင့် ကိုကိုးကျွန်းသို့ ခရီးသွားခဲ့ရာတွင်လည်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံ တင်ပြ ခွင့်ပြုချက်တောင်းခံပြီးမှသာ ခရီးသွားခဲ့ကြောင်း၊ တပ်မတော်၏ အကြီးအကဲ ဖြစ်သော်လည်း နိုင်ငံတော်သမ္မတ၏ လက်အောက်တွင်သာရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှင်းလင်း ပြောဆိုသည်။
ယမန်နေ့ နေပြည်တော်တွင် ကျင်းပခဲ့သော တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတပ်ချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက် ခဲ့ကြသည်။