မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်အတွင်း မေလ ၁၅ ရက်နေ့ ညနေပိုင်းက လေပြင်း တိုက်ခတ် မှုကြောင့် လူတဦး သေဆုံးပြီး ကျေးရွာပေါင်း ၂၆ ရွာမှ အိမ်ခြေ ၇၀၀ ကျော် ပျက်စီးသွားကြောင်း မကွေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောသည်။
မေလ ၁၅ ရက်နေ့ ညနေပိုင်းက မင်းဘူး(စကု)မြို့နယ်အတွင်းတွင် မိုးကြိုးပစ်၍ လူ ၁ ဦးသေဆုံးသွားခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံအများစု၏ နေအိမ် ၇၀၀ ကျော် ပျက်စီးပြိုကျခဲ့ကြောင်း၊ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ယခုကဲ့သို့ လေပြင်းတိုက်ခတ်မှုကို ကြုံတွေ့ရခြင်းဖြစ်ကြောင်း ၊ လေပြင်း တိုက်ခတ်မှုကြောင့် ကျောက်စစ်ပုံ ကျေးရွာမှာ ထိခိုက်ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက လေဘေးဒဏ် ခံခဲ့ရသူများအား ကူညီထောက်ပံ့မှုများ ဆောင်ရွက် လျက်ရှိကြောင်း တိုင်းအစိုးရအဖွဲ့နှင့် ဒေသခံများထံမှ သိရှိရသည်။
“လေက ၁၅ မိနစ်လောက်အတွင်း ပြင်းပြင်းထန်ထန် တိုက်သွားတာ၊ ဒီမြို့နယ်မှာ နှစ် ၃၀ လောက်အတွင်း ပထမဆုံး ဖြစ်ဖူးတာပဲ”ဟု ဦးနေမျိုးကျော်က ပြောသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လေဘေးကြောင့် နေအိမ်ပြိုကျ ခဲ့သူများကို ကျပ်ငါးသောင်းနှင့် နေအိမ် အမိုးလန် ပျက်စီးခဲ့သူများကို ကျပ်နှစ်သောင်း စီပေးအပ် ထောက်ပံ့မည်ဟု ဒေသခံများကို အသိပေးပြောဆိုထားကြောင်း သိရှိရသည်။
မင်းဘူး(စကု) မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မိုးရွာသွန်းမှုနှင့့် လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်အတွင်း မိုးသီးကြွေကျမှုများလည်း ဖြစ်ပွားခဲ့ကြောင်း ဦးနေမျိုးကျော်က ပြောသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ သစ်ပင်ပိခြင်းများကြောင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် လူပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး ရာနှင့်ချီ၍ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း နေပြည်တော် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။